ဒူတာတေးက ရဲတပ်ဖွဲ့ကို ဒေါသတကြီးဝေဖန်ခဲ့ပြီး ခြစားသည့်ရဲများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်

ဒူတာတေးက ရဲတပ်ဖွဲ့ကို ဒေါသတကြီးဝေဖန်ခဲ့ပြီး ခြစားသည့်ရဲများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်
Published 9 August 2018

မနီလာတွင် သံမဏိဆလင်ဒါတစ်ခုထဲမှ ဝှက်ထားသော မူးယစ်ဆေးဝါးများကို ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီတာဝန်ရှိသူများက သိမ်းဆည်းနေစဉ် (Photo: AP)

ဥပဒေနှင့်ဆန့်ကျင်သည့် မူးယစ်ဆေးဝါးနှင့် အခြားရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံထားရသူများ အပါအဝင် ခြစားသည့်ရဲဝန်ထမ်းများကို သတ်ပစ်မည်ဟု သြဂုတ် ၇ ရက် ရုပ်သံတိုက်ရိုက်ထုတ် လွှင့်မှုတွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက မကြားဝံ့မနာသာ စကားများဖြင့် ခြိမ်းခြောက်ခဲ့သည်။

မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှု အပါအဝင် အုပ်ချုပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်များနှင့် ရင်ဆိုင်နေရသူ အများစုပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် ဒူတာတေးနှင့် တွေ့ဆုံရန် သမ္မတနန်းတော်သို့ စောင့်ကြပ်ခေါ်ဆောင်ခံခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခြစားမှုဗဟိုချက်ဟု ဒူတာတေးက ခေါ်ဆိုခဲ့ဖူးသည့် အမျိုးသားရဲတပ်ဖွဲ့သည် အလွဲသုံးစားလုပ်မှု အစီရင်ခံစာများကြောင့် သမ္မတ မူးယစ်ဆေးနှိမ်နင်းမှုတာဝန်မှ နှစ်ကြိမ်တိုင်တိုင် ဖယ်ရှားခံခဲ့ရပြီးနောက် ဌာနတွင်း ရှင်းလင်းဖယ်ရှားမှုနှင့် ကြုံခဲ့ရသည်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီတွင် ဝန်ထမ်းနည်းပါးခြင်းနှင့် အန္တရာယ်များသည့် နှိမ်နင်းမှုများတွင် လက်နက်နည်းပါးခြင်းတို့ကြောင့် မူးယစ်ဆေး အငိုက်ဖမ်း တိုက်ခိုက်မှုများတွင် ရဲတပ်ဖွဲ့ကို ပြန်လည်ပါဝင်ရန် နောက်ပိုင်းတွင် ဒူတာတေးက ပြန်လည်ခွင့်ပြုခဲ့သည်။

“ဒီလိုမျိုး ရေရှည်ရပ်တည်နေမယ်ဆိုရင် ခွေးမသားတွေ မင်းတို့ကို ငါသတ်ပစ်မယ်” ဟု ဒူတာတေးက ပြည်တွင်းရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုတွင် ရဲတပ်ဖွဲ့ဝင်များကို ကြိမ်းမောင်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်အချို့၏ ပြစ်မှုများကို ပြန်လည်သုံးသပ်မည်ဖြစ်သော်လည်း ဒူတာဒေးက “မင်းတို့ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်မယ့် အထူးတပ်ဖွဲ့တစ်ဖွဲ့ရှိတယ်။ မင်းတို့ အမှားသေးသေးလေးတစ်ခု ကျူးလွန်တယ်ဆိုရင် မင်းတို့ကို သတ်ပစ်ဖို့ ပြောထားတယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကို မိန့်ခွန်းပြောကြားမှုတွင် ဒူတာတေးက “ဒီကိစ္စအတွက် ကြိုပြီး သတိပေးထားပြီးသားဖြစ်လို့ ဒီခွေးမသားတွေ သေသွားရင် လူ့အခွင့်အရေးဆိုပြီး လာမအော်ကြနဲ့” ဟု ပြောကြားခဲ့သည်။

ဒူတာတေး အာဏာရရှိခဲ့ပြီးနောက် ၎င်း၏ မူးယစ်ဆေးနှိမ်နင်းမှုတွင် လူ ၄,၅၀၀ ကျော် သေဆုံးမှုနှင့်အတူ ယင်းကဲ့သို့ သူသိရှင်ကြား ခြိမ်းခြောက်မှုများကို အနောက်တိုင်းအစိုးရများနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များက သတိပေးခဲ့သည်။

ဒူတာတေးက ၎င်း၏ ခြောက်နှစ်သက်တမ်း နောက်ဆုံးနေ့ရက်မတိုင်မီအထိ မူးယစ်ဆေးနှိမ်နင်းသည့် စစ်ဆင်ရေးကို ဖိအားပေးသွားမည်ဟု ကတိပြုခဲ့သည်။ ဒူတာတေးသည် တရားရေးကို ကျော်လွန်သည့်သတ်ဖြတ်မှုများကို ငြင်းဆိုခဲ့သော်လည်း ထောင်ထဲဝင်ရန် အသင့်ဟု မကြာခဏ ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းသည့် စစ်ဆင်ရေးတွင် သံသယရှိသူ ၁၅၀,၀၀၀ ခန့်ကို ဖမ်းဆီးထားခဲ့ပြီး ရဲအရာရှိ ဒါဇင်များစွာ သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မနီလာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၌ စွန့်ပစ်ထားသည့် အလုံပိတ်ကွန်တိန်နာ၏ သံမဏိဆလင်ဒါနှစ်ခုတွင် ဝှက်ထားသည့် မက်သာဖက်တမင်း ၅၀၀ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အကောက်ခွန်ဗျူရိုနှင့် မူးယစ်ဆေးနှိမ်နင်းရေး အာဏာပိုင်များက သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းသည် ဒူတာတေးလက်ထက် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးမှုတစ်ခုလည်း ဖြစ်သည်။

Ref: AP

Most Read

Most Recent