အမျိုးသမီးများကို ကန့်သတ်ရန် ဝင်ခွင့်စာမေးပွဲ ရမှတ်များအား ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း တိုကျိုဆေးတက္ကသိုလ်က ဝန်ခံ

အမျိုးသမီးများကို ကန့်သတ်ရန် ဝင်ခွင့်စာမေးပွဲ ရမှတ်များအား ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း တိုကျိုဆေးတက္ကသိုလ်က ဝန်ခံ
Published 8 August 2018

သြဂုတ် ၇ ရက်တွင် တိုကျိုဆေးတက္ကသိုလ်၌ ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်တွင် ပြင်ဆင်ပြောင်းလဲမှု အကြောင်း စုံစမ်းစစ်ဆေးမှုအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo : AP)

အမျိုးသမီးကျောင်းသား အရေအတွက်အား ကန့်သတ်ရန်အတွက် ဝင်ခွင့်စာမေးပွဲရလဒ်များကို စနစ်တကျ နှစ်ပေါင်းများစွာ ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတစ်ခုက ဖော်ထုတ်ခဲ့ပြီးနောက် တိုကျိုဆေးတက္ကသိုလ်က သြဂုတ် ၇ ရက်တွင် ဝန်ခံတောင်းပန်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ သို့မဟုတ် ထိုထက်စောသော ကာလများမှစ၍ ဝင်ခွင့်စာမေးပွဲရလဒ် အားလုံးကို ပြင်ဆင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ရှေ့နေများက ထုတ်ပြန်ခဲ့သည်။

ယင်းဆေးတက္ကသိုလ်က ရလဒ်များကို ပြောင်းလဲခြင်းအား မဆောင်ရွက်ခဲ့သင့်ကြောင်းနှင့် အနာဂတ်တွင်လည်း ဆောင်ရွက်မည် မဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ “ကျွန်တော်တို့ လူထုရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခဲ့ပါတယ်။ အဲဒီအတွက် ရိုးရိုးသားသား တောင်းပန်ချင်ပါတယ်” ဟု တိုကျိုဆေးတက္ကသိုလ်၏ ဥက္ကဋ္ဌ တက်ဆူအိုယူကီအိုကာက ပြောကြားခဲ့သည်။

တိုကျိုဆေးတက္ကသိုလ်သည် ၎င်းတို့၏ကျောင်း၌ အမျိုးသမီး ကျောင်းသားအရေအတွက် အချိုးအစားကို ၃၀ ရာခိုင်နှုန်းအောက်၌ နှိမ့်ချထားရန်အတွက် အမျိုးသမီး လျှောက်ထားသူများ၏ ဝင်ခွင့်စာမေးပွဲ ရလဒ်များကို အမှတ်လျှော့ချထားခဲ့ကြောင်း ဂျပန်မီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။ ကနဦး သတင်းများ၌ အမျိုးသမီးများအား ကန့်သတ်ရန် ဆောင်ရွက်မှုကို ၂၀၁၁ ခုနှစ်၌ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုက ၂၀၀၆ ခုနှစ်လောက်မှစပြီး အမျိုးသမီးများ၏ အမှတ်များကို လျှော့ချမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Kyodo News က ဖော်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာန ဗျူရိုကရက်တစ်ဦး၏သားက တိုကျိုဆေးတက္ကသိုလ် ဝင်ခွင့်ရရန် တက္ကသိုလ်က ရမှတ်ပြောင်းလဲ၍ အကူအညီပေးခဲ့ကြောင်း တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးစဉ် အမျိုးသမီးများအား ခွဲခြားကန့်သတ်ထားမှုကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရမှတ်များကို ပြင်ဆင်ပြောင်းလဲခြင်းသည် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုအတွက် တက္ကသိုလ်က ငှားရမ်းခဲ့သည့် ရှေ့နေတစ်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အမျိုးသမီးများသည် ယုံကြည်စိတ်ချရသော ဆရာဝန်များ ဖြစ်လာမည်မဟုတ်ဟု ရှုမြင်ထားမှုကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဂျပန်မီဒီယာများကို ပြောကြားခဲ့သည်။

“ကျောင်းပြီးလို့ ဆရာဝန်ဖြစ်လာပြီးတာနဲ့ အိမ်ထောင်ကျတဲ့အခါ၊ ကလေးရတဲ့အခါ အမျိုးသမီးတွေက ဆရာဝန်ဘဝက နုတ်ထွက်လေ့ရှိပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ယိုမီယူရီသတင်းစာကို ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

တိုကျိုဆေးတက္ကသိုလ်တွင် ၂၀၁၈ ခုနှစ်က ပထမအကျော့ စာမေးပွဲပြီးနောက် လက်ခံခဲ့သော အမျိုးသမီး အချိုးအစားသည် ၁၄ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အမျိုးသားများကို လက်ခံခဲ့သော အချိုးအစားသည် ၁၈ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်။ ဒုတိယအဆင့်နှင့် နောက်ဆုံးအဆင့်တွင် လျှောက်ထားသူ အမျိုးသမီးများ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းခန့်ကိုသာ လက်ခံပြီး အမျိုးသား လျှောက်ထားသူများ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းကို လက်ခံခဲ့သည်။

ဂျပန်အမျိုးသမီးများသည် ပညာရေး မြင့်မားသော်လည်း နိုင်ငံ၏ အလုပ်ချိန် ကြာမြင့်မှုကြောင့် မိသားစုဘ၀ စတင်သည့်အခါ လုပ်ငန်းခွင်မှ ထွက်ခွာရလေ့ ရှိကြသည်။

Ref : AFP

Most Read

Most Recent