ငလျင်ဒဏ်သင့် အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်း၌ ဗလီအပျက်အစီးများအောက်မှ လူတစ်ဦးကို ကယ်တင်နိုင်ခဲ့

ငလျင်ဒဏ်သင့် အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်း၌ ဗလီအပျက်အစီးများအောက်မှ လူတစ်ဦးကို ကယ်တင်နိုင်ခဲ့
Published 8 August 2018

သြဂုတ် ၇ ရက်တွင် မြောက်လန်ဘော့ကျွန်း၌ ဗလီအပျက်အစီးများအောက်မှ အလောင်းတစ်လောင်းအား သယ်ဆောင်လာကြစဉ် (Photo - AP)

အင်အားပြင်းငလျင်ဒဏ်သင့် အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်းစုတွင် ပြားပြားဝပ်ခဲ့သော ဗလီကြီးတစ်ခု၏ အပျက်အစီးများအောက်မှ အမျိုးသားတစ်ဦးအား စစ်သားများက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။ အိုးအိမ်မဲ့သွားသော ဒေသခံထောင်ပေါင်းများစွာသည် သြဂုတ် ၇ ရက်တွင် အကူအညီများအား စောင့်မျှော်နေကြပြီး ပိတ်မိနေကြသည့် ကမ္ဘာလှည့်ခရီးသွားများက လည်းကမ်းခြေများတွင် တဲထိုး၍လည်းကောင်း၊ ပျက်စီးခဲ့သော ဟိုတယ်များ၏ ဧည့်သည် စောင့်ခန်းများတွင်လည်းကောင်း ခိုလှုံနေကြ ရသည်။

လန်ဘော့ကျွန်းမြောက်ပိုင်းတွင် သြဂုတ် ၅ ရက်၌ ပြင်းအား ၇ အဆင့်ရှိငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၀၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၃၀ ကျော်သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ အဆောက်အအုံထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည်။ ငလျင်အပြီး နှစ်ရက်အကြာတွင် ကယ်ဆယ်ရေးများသည် ငလျင်ဘေးသင့်ဒေသအားလုံးသို့ ရောက်ရှိနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။

Lading - Lading ဒေသရှိ Jabal Nur ဗလီ၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသူအရေအတွက်ကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတာဝန်ရှိသူများက ထုတ်ဖော်မပြောကြားခဲ့သော်လည်း ဗလီအပြင်ဘက်၌ ကျန်ရစ်ခဲ့သော မည်သူမည်ဝါ၏ပိုင်ဆိုင်မှုဟု မသိရသည့်ပစ္စည်းများအား ခန့်မှန်းမှုအရ လူ ၃၀ ခန့် ပိတ်မိနေမည်ဟု ယူဆကြောင်း ကျေးရွာခေါင်းဆောင်ဘူဒီယာဝမ်က ပြောကြားခဲ့သည်။ ငလျင်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သော မူဟာမက်ဂျူအန်ဒါက ငလျင်စတင်လှုပ်ခတ်ချိန်တွင် ဗလီထဲ၌ လူ ၁၀၀ ခန့် ဝတ်ပြုနေကြောင်း ပြောကြားခဲ့သည်။ လူအများအပြားသည် ထွက်ပြေးနိုင်ခဲ့သော်လည်း ဒါဇင်များစွာသည် ပိတ်မိနေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြိုကျခဲ့သော ဗလီအမိုးများအောက် လွတ်နေသည့်နေရာတစ်ခုအောက်မှ အမျိုးသား တစ်ဦးအား အသက်ရှင်လျက်စစ်သားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် စစ်သားတစ်ဦးက “ခင်ဗျားဘေးကင်းပါပြီ”  ဟု ပြောကြားခဲ့သည်။ ထိုဗလီမှ လူအများအပြားအား ကယ်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုနူဂရိုဟိုက ပြောကြားခဲ့သည်။ သြဂုတ် ၆ ရက်တွင် ခြေထောက်ကျိုးခဲ့သည့် အမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦးအား အပျက်အစီးများအောက်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သုံးဦးမှာမူ သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ရွာသားတစ်ဦး ဖြစ်သူဆူပရီယိုနိုက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးများသည် သြဂုတ် ၇ ရက်တွင် စက်ယန္တရားကြီးများ အသုံးပြု၍  အပျက်အစီးပုံများအား ဖယ်ရှားရှင်းလင်းနေကြသည်။ လန်ဘော့တွင် ပြီးခဲ့သောသီတင်းပတ်ကလည်း ပြင်းအား ၆ ဒသမ ၄ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ လတ်တလောတွင် လူ ၂၀၀၀၀ ကျော်သည် ယာယီခိုလှုံစရာများတွင် နေကြရပြီး လူထောင်ပေါင်းများစွာသည် ဟင်းလင်းပြင်၌ တဲထိုးနေရဆဲဖြစ်ကြောင်း Oxfam က ထုတ်ပြန်ခဲ့သည်။

Ref; AFP

Most Read

Most Recent