1MDB အရှုပ်တော်ပုံနှင့် ဆက်စပ်နေသော ဇိမ်ခံသင်္ဘောကို အင်ဒိုနီးရှားက မလေးရှားသို့ ပြန်ပေးလိုက်ပြီဟု မဟာသီယာ ပြောကြား

1MDB အရှုပ်တော်ပုံနှင့် ဆက်စပ်နေသော ဇိမ်ခံသင်္ဘောကို အင်ဒိုနီးရှားက မလေးရှားသို့ ပြန်ပေးလိုက်ပြီဟု မဟာသီယာ ပြောကြား
Published 7 August 2018

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘာလီရှိ ဘင်နိုအာဆိပ်ကမ်း၌ Equanimity ဇိမ်ခံသင်္ဘောအား တွေ့ရစဉ် (Photo: AP)

အင်ဒိုနီးရှားသည် ဒေါ်လာဘီလျံနှင့်ချီသော ဘဏ္ဍာရေး အရှုပ်တော်ပုံကြီးတစ်ခုနှင့် ဆက်စပ်သည့် ဇိမ်ခံသင်္ဘောတစ်စင်းကို မလေးရှားသို့ ပြန်ပေးလိုက်ပြီဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်သည် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ပါဝင်နေသော ခြစားမှုအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးနေမှုများအား တိုးမြှင့်လုပ်ဆောင်နေသည့်လုပ်ရပ်ဟု ရှုမြင်ခံရသည်။

Cayman Islands ၌ မှတ်ပုံတင်ထားပြီး Equanimity အမည်ရ ထိုသင်္ဘောသည် ဒေါ်လာ သန်း ၂၅၀ ခန့် တန်ဖိုးရှိလိမ့်မည်ဟု ယူဆရသည်။ ယင်းသင်္ဘောကို ဖေဖော်ဝါရီလက အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်း၏ ကမ်းလွန်ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သည်။ အမေရိကန်တရားရေးဌာန၏ တောင်းဆိုချက်ကြောင့် အင်ဒိုနီးရှားအာဏာပိုင်များက ထိုသင်္ဘောကြီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမေရိကန် တရားရေးဌာနကလည်း 1MDB အစိုးရရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ ရန်ပုံငွေများ ပါဝင်နေသော ကြီးမားလှသည့် ငွေကြေးအလွဲသုံးစားပြုမှုကြီးကို စုံစမ်းစစ်ဆေးနေသည်။

“အင်ဒိုနီးရှားက Equanimity အပျော်စီးသင်္ဘောကို ကျွန်တော်တို့ထံကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်နေကြပါတယ်” ဟု ဝန်ကြီးချုပ်မဟာသီယာက ၎င်း၏ဂျပန်ခရီးစဉ်အတွင်း Facebook ပေါ်တွင် ရေးသားခဲ့သည်။

ယင်းအပျော်စီးသင်္ဘောသည် ကွာလာလမ်ပူမြို့တော်၏ အနောက်ဘက်တွင် တည်ရှိသော ကလန်ဆိပ်ကမ်းသို့ လာမည့် ၄၈ နာရီအတွင်း ရောက်ရှိလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကဆိုသည်။ မဟာသီယာသည် ၎င်းတို့နှင့်ပူးပေါင်း ဆောင်ရွက်မှုအတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လက မြို့တော်ဂျကာတာသို့ မဟာသီယာ သွားရောက်ခဲ့ပြီးနောက်ပိုင်း မလေးရှားနှင့် အင်ဒိုနီးရှားကြားမှ အပြန်အလှန် ဆက်သွယ်ရေးမှာ ပိုမိုနီးစပ်လာခဲ့သည်။ ယင်းအင်ဒိုနီးရှားခရီးစဉ်သည် မေလက ရွေးကောက်ပွဲတွင် မဟာသီယာ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။

မလေးရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB မှ ခိုးယူသွားသော ငွေကြေးအမြောက်အမြားဖြင့် ဒေါ်လာ ၁ ဒသမ ၄ဘီလျံ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ဝယ်ယူထားကြသည်ဟု အမေရိကန်တရားရေးဌာနက စွပ်စွဲထားသည်။ ထိုရန်ပုံငွေများနှင့် ဝယ်ယူထားသော ပိုင်ဆိုင်မှုများထဲတွင် ပေ ၃၀၀ (မီတာ ၉၀) ရှည်သော Equanimity သင်္ဘောကြီးလည်း ပါဝင်သည်။ ယင်းသင်္ဘောကြီးကို 1MDB ၏ တရားဝင် မဟုတ်သော အကြံပေးတစ်ဦးဖြစ်ခဲ့ဖူးသည့် ဂျိုလိုဟုခေါ်သော ပုဂ္ဂိုလ်က ဝယ်ယူထားခြင်းဖြစ်သည်။

အမည်ရင်းမှာ လိုတက်ဂျိုဖြစ်သော ဂျိုလိုသည် လက်ရှိတွင် မည်သည့်နေရာ ရောက်နေသည်ကိုမသိရဘဲ သင်္ဘောကိုသိမ်းရန် မလေးရှားအစိုးရ၏ လုပ်ရပ်သည် နိုင်ငံရေးကြောင့်ဟု ၎င်းက အပြစ်တင်ထားသည်။

Ref: AFP

Most Read

Most Recent