ရုရှား ရှေ့နေနှင့် သားဖြစ်သူတို့ တွေ့ဆုံခဲ့ကြောင်း သမ္မတထရန့်က ဝန်ခံပြောကြား

ရုရှား ရှေ့နေနှင့် သားဖြစ်သူတို့ တွေ့ဆုံခဲ့ကြောင်း သမ္မတထရန့်က ဝန်ခံပြောကြား
Published 7 August 2018

သြဂုတ် ၂ ရက်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်၌ လူအုပ်ကြီးကို ထရန့်က စကားပြောနေစဉ် (Photo: AFP )

ပြိုင်ဘက်ဖြစ်သူ၏ သတင်းအချက်အလက်များကို ရရှိနိုင်ရန် သားဖြစ်သူ ဒေါ်နယ်ဂျူနီယာက ၂၀၁၆ ခုနှစ်တွင် ထရန့်တာဝါ၌ ရုရှားရှေ့နေနှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၅ ရက်တွင် ဝန်ခံခဲ့သော်လည်း ထိုတွေ့ဆုံမှုသည် ဥပဒေနှင့် လုံးဝညီညွတ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

ပြိုင်ဘက်သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်အား အထိနာစေမည့် သတင်းအချက်အလက်များ ရရှိရန် ၂၀၁၆ ခုနှစ် ဇွန်တွင် ဒေါ်နယ်ဂျူနီယာက ကရင်မလင်နှင့် ဆက်နွှယ်သော ရုရှားရှေ့နေ နာတာလီယာ ဗီဆယ်နက်ကာယာနှင့် တွေ့ဆုံခဲ့သည့်အကြောင်းကို ထရန့်က ပထမဆုံးအကြိမ် တိုက်ရိုက် ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ၎င်း၏ သားနှင့် ရုရှားရှေ့နေအကြား တွေ့ဆုံမှုကို ယင်းအချိန်က သိရှိခဲ့ခြင်း မရှိကြောင်း ထရန့်က Twitter တွင် အစောပိုင်း၌ ငြင်းဆန်ထားခဲ့သည်။

ထိုတွေ့ဆုံ ဆွေးနွေးပွဲသည် ပြိုင်ဘက်တစ်ဦး၏ သတင်းအချက်အလက်များကို ရရှိရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဥပဒေနှင့် လုံးဝညီကာ နိုင်ငံရေးတွင် လုပ်ဆောင်နေကြကြောင်း၊ ယင်းကိစ္စကို မသိရှိခဲ့ရကြောင်း ထရန့်က ရေးသားခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလီကင် သမ္မတလောင်းအား အသာရစေရန်အတွက် ထရန့် မဲဆွယ်အဖွဲ့က ရုရှား နှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိ၊ မရှိအား စုံစမ်း စစ်ဆေးနေသည့် အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်း ရောဘတ်မူလာက ထိုတွေ့ဆုံပွဲအကြောင်းကို စစ်ဆေးနေသည်။

မူလာ၏ စုံစမ်းစစ်ဆေးမှုသည် အမေရိကန်နိုင်ငံ သမိုင်းတွင် မလိုလားသူများအား ဖယ်ရှားသည့် တစ်ဖက်သတ် အဆန်ဆုံး လုပ်ရပ်ဖြစ်ပြီး လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုများ ပြည့်နှက်နေကြောင်း ထရန့်က အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။

ဒေါ်နယ်ဂျူနီယာနှင့် ရုရှားရှေ့နေတို့ တွေ့ဆုံခဲ့မှုသည် မရည်ရွယ်ဘဲ ၎င်းအား ဥပဒေဆိုင်ရာ အကျပ်အတည်းသို့ ကျရောက်စေခဲ့ခြင်း ရှိ၊ မရှိကို သမ္မတက တနုံ့နုံ့ စဉ်းစားနေကြောင်း ဝါရှင်တန်ပို့စ်က သြဂုတ် ၅ ရက် တွင် ဖော်ပြခဲ့မှုကို လုံးဝအတုအယောင်များဟု ထရန့်က ဝေဖန်ခဲ့သည်။

ထရန့်တာဝါတွင် တွေ့ဆုံမှုကို ဗြိတိန် ဂီတဖျော်ဖြေပွဲစီစဉ်သူ ရော့ဂိုးစတုန်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ဟီလာရီအား ထိခိုက်စေမည့် သတင်းအချက်အလက်များ၊ ဟီလာရီနှင့် ရုရှားအကြား အပေးအယူများကို ပေးမည်ဟု ရော့ဂိုးစတုန်းက ဒေါ်နယ်ဂျူနီယာထံ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထရန့် ၏ သားကလည်း ထိုကမ်းလှမ်းမှုအား လိုချင်သည်ဟု တုံ့ပြန်ခဲ့သည်။ ထရန့်၏ သမက်ဖြစ်သူ ဂျရက်ကူရှ်နာနှင့် မဲဆွယ်အဖွဲ့ ထိပ်တန်း တာဝန်ရှိသူ ပေါမာနာဖို့တ်တို့လည်း ပါဝင်ခဲ့သည့် ထိုဆွေးနွေးပွဲ၏ သတင်းများသည် ၂၀၁၇ ခုနှစ် ဇူလိုင်တွင် စတင်ပေါက်ကြားခဲ့သည်။

ထိုတွေ့ဆုံ ဆွေးနွေးမှုတွင် ရုရှားကလေးများအား အမေရိကန်က မွေးစားရန်အကြောင်းက အဓိက ဖြစ်ခဲ့ကြောင်း ဒေါ်နယ်ဂျူနီယာက အစောပိုင်းတွင် နယူးယောက်တိုင်းမ်သို့ ပြောကြားခဲ့သည်။ သို့သော် ဟီလာရီအား ထိခိုက်စေမည့် သတင်းအချက်အလက်များ ရရှိရန် မျှော်လင့်ချက်ဖြင့် ရုရှားရှေ့နေနှင့် တွေ့ဆုံရန် လက်ခံခဲ့ကြောင်း ဒေါ်နယ်ဂျူနီယာက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

ဒေါ်နယ်ဂျူနီယာက တိုင်းမ်သို့ ပြောကြားခဲ့သည့် ကြေညာချက်အား ထရန့်က နှုတ်တိုက်ချပေးခဲ့ကြောင်း ပို့စ်က ဖော်ပြခဲ့သည်။ သို့သော် ယင်းအချိန်က ထရန့်၏ ရှေ့နေများက မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

Most Read

Most Recent