1 MDB နှင့်ဆက်စပ်သော ဇိမ်ခံသင်္ဘောကို အင်ဒိုနီးရှားထံမှ ပြန်ယူရန် မလေးရှားစီစဉ်နေ

1 MDB နှင့်ဆက်စပ်သော ဇိမ်ခံသင်္ဘောကို အင်ဒိုနီးရှားထံမှ ပြန်ယူရန် မလေးရှားစီစဉ်နေ
Published 6 August 2018

မလေးရှားစီးပွားရေးလုပ်ငန်းရှင် ဂျိုလိုပိုင်ဆိုင်သော Equanimity ဇိမ်ခံသင်္ဘော (Photo: AFP)

မလေးရှားသည် ဒေါ်လာဘီလျံနှင့်ချီ သော ဘဏ္ဍာရေးအရှုပ်တော်ပုံကြီးတစ်ခုနှင့် ဆက်စပ်သည့် ဇိမ်ခံသင်္ဘောတစ်စင်းကို ပြန်လည်ရယူရေးအတွက် အင်ဒိုနီးရှားနှင့် စီစဉ်ညှိနှိုင်းမှုအချို့ ပြုလုပ်နေကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သြဂုတ် ၅ ရက် တွင် ပြောကြားခဲ့သည်။

Cayman Islands မှတ်ပုံတင်ထားသော Equanimity အမည်ရ ထိုသင်္ဘောသည် ဒေါ်လာသန်း ၂၅၀ ခန့် တန်ဖိုးရှိလိမ့်မည်ဟု ယူဆရသည်။ ယင်းသင်္ဘောကို ဖေဖော်ဝါရီလက အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်း၏ ကမ်းလွန်ပင်လယ်ပြင်၌ ဖမ်းမိခဲ့သည်။

မလေးရှားအစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB မှ ခိုးယူသွားသော ငွေကြေးအမြောက်အမြားဖြင့် ဒေါ်လာ ၁ ဒသမ ၄ ဘီ လျံတန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ဝယ်ယူထားကြသည်ဟု အမေရိကန်တရားရေးဌာနက စွပ်စွဲထားသည်။ ထိုရန်ပုံငွေများနှင့် ဝယ်ယူထားသော ပိုင်ဆိုင်မှုများထဲတွင် ပေ ၃၀၀ (မီတာ ၉၀) ရှည်သော Equanimity သင်္ဘောကြီးလည်းပါဝင်သည်။ ယင်းသင်္ဘောကြီးကို 1MDB ၏ တရားဝင်မဟုတ်သော အကြံပေးတစ်ဦးဖြစ်ခဲ့ဖူးသည့် ဂျိုလိုဟုခေါ် သောပုဂ္ဂိုလ်က ဝယ်ယူထားခြင်းဖြစ်သည်။

“ဇိမ်ခံသင်္ဘောကို ပြန်လည်ရယူရေးအတွက် အင်ဒိုနီးရှားက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စီစဉ်မှုအချို့ လုပ်ဆောင်နေပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်၏ ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ် ဦးကဆိုသည်။ အသေးစိတ်အကြောင်းအရာများကို အပြီးသတ်ပြီးလျှင် ထပ်မံကြေညာချက် ထုတ်ပြန်မည်ဟု သိရသည်။

လက်ရှိတွင် Equanimity သင်္ဘောသည် စင်ကာပူအနီး ဘာတမ်ကမ်းလွန်မှ အင်ဒိုနီးရှားရေပိုင်နက်ထဲတွင် ရှိနေသည်ဟု ထိုကိစ္စနှင့် နီးစပ်မှုရှိသည့် အကြီးတန်းရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဇွန်လက ဂျကာတာမြို့တော်သို့ မဟာသီယာ သွားရောက်ခဲ့ပြီးနောက်ပိုင်း မလေးရှားနှင့် အင်ဒိုနီးရှားကြားမှ အပြန်အလှန် ဆက်သွယ်ရေးမှာ ပိုမိုနီးစပ်လာခဲ့သည်။ ယင်းအင်ဒိုနီးရှားခရီးစဉ်သည် မေလက ရွေးကောက်ပွဲတွင် မဟာသီယာ အံ့သြဖွယ်အနိုင်ခဲ့ပြီး နောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီး စဉ်လည်းဖြစ်သည်။

မလေးရှား ခြစားမှုတိုက်ဖျက်ရေးအရာရှိများသည် ဂျိုလိုကိုလည်း ဖမ်းဝရမ်းတစ်ခု ထုတ်ထားကာ ၎င်းသည် 1MDB နှင့်ဆက်စပ်သော အရှုပ်တော်ပုံအတွင်းမှ အဓိက ပုဂ္ဂိုလ်တစ်ဦးဟု စွပ်စွဲထားသည်။

ဇိမ်ခံသင်္ဘောအား မဖမ်းဆီးမိမီက ဂျိုလိုသည် ထိုသင်္ဘောဖြင့် အာရှတစ်ဝန်းသို့ သွားနေခဲ့သည်ဟု ယုံကြည်ရသည်။ အမည်အရင်းမှာ လိုတက်ဂျိုဖြစ်သော ဂျိုလိုသည် လက်ရှိတွင်မည် သည့်နေရာရောက်နေသည် ကို မသိရဘဲ သင်္ဘောကို သိမ်းရန် မလေးရှား အစိုးရ၏ လုပ်ရပ်သည် နိုင်ငံရေးအကြောင်းရင်းကြောင့်ဟု ၎င်းက ပြစ်တင်လျက်ရှိသည်။ ဟောလိဝုဒ်မှ နာမည်ကြီးများနှင့် ပါတီလုပ် လေ့ရှိသော ဂျိုလိုသည် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်နှင့် ရင်းနှီးသည့် မိတ်ဖက်တစ်ဦးလည်းဖြစ်သည်။

Most Read

Most Recent