အင်ဒိုနီးရှားသမ္မတက လူထောင်ပေါင်းများစွာနှင့်အတူ လမ်းပေါ်၌ ထွက်က

အင်ဒိုနီးရှားသမ္မတက လူထောင်ပေါင်းများစွာနှင့်အတူ လမ်းပေါ်၌ ထွက်က
Published 6 August 2018

သြဂုတ် ၅ ရက်က ဂျကာတာမြိ့၌ ပိုကို-ပိုကိုအကအား စီတန်းကနေကြစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံတွင် မကြာမီပြုလုပ်တော့မည့် ၂၀၁၈ ခုနှစ် အာရှအားကစားပွဲတော်အတွက် သြဂုတ် ၅ ရက်က မြို့တော်ဂျကာတာ၏ လမ်းများပေါ်၌ လူထောင်ပေါင်းများစွာသည် ပိုကို-ပိုကို အကကို ထွက်ကခဲ့ကြ ကြောင်း သိရသည်။ စံချိန်တင်ရန် ရည်ရွယ်ထားသော ထိုစုပေါင်း အကအတွင်း သမ္မတ ဂျိုကိုဝီဒိုဒို ပါဝင်ကခဲ့သည်။

က သည့်သူများသည် ကမ္ဘာ့အရှည်ဆုံး ပိုကို-ပိုကို အက တန်းစီကပြမှုအဖြစ် ဂင်းနစ် စံချိန်တင်နိုင်စေရန် လိုလားနေကြခြင်း ဖြစ်သည်။ ယင်းအကအတွင်း နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင် ၅၀၀ ရှိ ထောင်သား ၁၂၀၀၀၀ ခန့်ကလည်း ပူးပေါင်းပါဝင်ခဲ့သေးသည်ဟု သိရသည်။ သို့သော် လွတ်လပ်စွာ ပါဝင်ခဲ့ခြင်း ဖြစ်ဖွယ်မရပေ။

“တို့ရဲ့ ပိုကို-ပိုကို အကနဲ့ အင်ဒိုနီးရှားကို ကမ္ဘာက အသိအမှတ်ပြုလာပါလိမ့်မယ်” ဟု ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။ ထို ကပွဲကို အာရှအားကစားပွဲစီစဉ်ရေးကော်မတီက စီစဉ်ခဲ့ခြင်းဖြစ်သည်။ အာရှအားကစားပွဲကို သြဂုတ် ၁၈ မှ စက်တင်ဘာ ၂ ရက် အထိ ဂျကာတာနှင့် ပါလမ်ဘန်တို့တွင် လက်ခံကျင်းပမည်ဖြစ်သည်။

ယခု စုပေါင်းကမှုကြီးအတွင်း လူပေါင်း ၆၅,၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။ သမ္မတဝီဒိုဒိုနှင့်အတူ ၎င်း၏ ဇနီး အရီနာ၊ ရာထူးကြီး ပုဂ္ဂိုလ်များအပြင်၊ ရဲများ၊ စစ်မှုထမ်းများ၊ ပါလီမန်အမတ်များ၊ ကျောင်းသား ကျောင်းသူများပါဝင်ကခဲ့ကြပြီး ကသူများသည် အင်ဒိုနီးရှားအလံအရောင်ဖြစ်သည့် အဖြူနှင့်အနီတို့ကို ဝတ်ဆင်ခဲ့ကြသည်။

Most Read

Most Recent