လေကြောင်းလိုင်းသစ်အပေါ် လောင်းကြေးကြီးကြီးမားမား ထပ်ထားသော ဗီယက်နမ်သူဌေး

လေကြောင်းလိုင်းသစ်အပေါ် လောင်းကြေးကြီးကြီးမားမား ထပ်ထားသော ဗီယက်နမ်သူဌေး
Published 5 August 2018

ဇူလိုင် ၃၀ ရက်တွင် ဟနွိုင်းရှိ ရုံးခန်း၌ ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် ထရန်ဗန်ကွန်အား တွေ့ရစဉ် (Photo : AFP)

ဆင်းရဲနွမ်းပါးမှုကြောင့် အသက် ၁၄ နှစ်အရွယ်ကတည်းက အလုပ်လုပ်ခဲ့ရသည့် ထရန်ဗန်ကွန်သည် လက်ရှိတွင် ဗီယက်နမ် စီးပွားရေး အင်ပါယာကြီး တစ်ခုကို ဦးစီးနေသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ထို့ပြင် ၎င်းသည် အရှေ့တောင်အာရှ၏ ပြည့်ကျပ်နေသော လေကြောင်းကဏ္ဍထဲ၌ လေကြောင်းလိုင်း အသစ်တစ်ခု အပေါ်တွင်လည်း ဒေါ်လာဘီလျံပေါင်းများစွာ လောင်းကြေးထပ်ထားသေးသည်။

အသက် ၄၃ နှစ်အရွယ်သူဌေး ထရန်ဗန်ကွန်သည် ဗီယက်နမ်နိုင်ငံ၏ ကျေးလက်ဒေသတွင် ဘဝစခဲ့ရသူ ဖြစ်သည်။ ၎င်း၏ငယ်စဉ်အချိန်က ပြင်းပြသော ရည်မှန်းချက်မှာ အစိုးရဝန်ထမ်းတစ်ဦး ဖြစ်လာရေးဟု သိရသည်။

၎င်းပထမဆုံး လုပ်ခဲ့ရသည့် အလုပ်မှာ မိခင်၏ဆိုင်၌ ဝင်ရောက် လုပ်ကိုင်ခြင်းဖြစ်သည်။ အောက်ခြေမှ စတင်ခဲ့ရသော ထရန်ဗန်ကွန်သည်  လက်ရှိတွင် ဇိမ်ခံအပန်းဖြေ စခန်းများ၊ ဂေါက်ကွင်းများ၊ သတ္တုတွင်းများ၊ အသက်မွေးမှု သင်တန်းများ ပါဝင်သည့် FLC Group အင်ပါယာကြီးကို ဦးစီးနေပြီ ဖြစ်သည်။

ထရန်ဗန်ကွန်က ယခုကဲ့သို့ အခြေအနေများ ဖြစ်လာစေရန် ၎င်း၏လူငယ်ဘဝကို စွန့်လွှတ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်ဟာ ကစားတာတွေ၊ စာကျက်တာတွေ၊ စိတ်ကစားတာတွေ လုပ်ရမယ့် လူငယ်ဘဝကို စွန့်လွှတ်ခဲ့ရတယ်” ဟု ထရန်ဗန်ကွန်က ဟနွိုင်းတွင်ရှိသည့် တဖိတ်ဖိတ် လက်နေသော ၎င်း၏အထပ်မြင့် ရုံးခန်းထဲ၌ ရှိနေစဉ် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာသန်း ၂၀၀ ဝန်းကျင် ရှိပြီဖြစ်ပြီး Bamboo လေကြောင်းလိုင်းပေါ်တွင် လောင်းကြေးများစွာ ထပ်ထားခြင်းဖြင့် လုပ်ငန်းများကို ထပ်မံချဲ့ထွင်ရန်လည်း လုပ်ဆောင်နေသည်။ လေကြောင်းလိုင်းသစ် တစ်ခုဖြစ်သော Bamboo သည် အောက်တိုဘာလက ပွဲဦးထွက် ပျံသန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တတွေ စတင်တဲ့အချိန်မှာ ကြီးထွားလာမှာပါ။ ကျွန်တော်တို့ စပျံသန်းတာနဲ့ တစ်ပြိုင်နက် အမြတ်အစွန်း ရနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

ထရန်ဗန်ကွန်၏ မဟာစီမံကိန်းကြီးမှာ လက်ရှိအချိန်အထိ ရှာဖွေသိရှိခြင်း မရှိသေးသော နေရာများသို့ ခရီးသည် အမြောက်အမြားကို ဆွဲဆောင်ရေးဖြစ်သည်။ ထိုနေရာများတွင် ၎င်း၏ အပန်းဖြေစခန်းများ ရှိမည်ဖြစ်ပြီး အဆင့်မြင့် ဝန်ဆောင်မှုများကို ဈေးနှုန်းချိုသာသော နှုန်းထားဖြင့် ပေးမည်ဖြစ်သည်။

သို့သော် ထရန်ဗန်ကွန်အနေနှင့် ကိစ္စအများအပြားနှင့် ထိပ်တိုက်ကြုံရဦးမည်ဖြစ်သည်။

Bamboo လေကြောင်းလိုင်းသည် Air Asia၊ Thai Airways အစရှိသည့် လုပ်ငန်းကြီးများနှင့် ရင်ဆိုင်ရမည် ဖြစ်သလို Vietnam Airlines၊ VietJet အစရှိသော ပြည်တွင်းလေကြောင်းလိုင်းများနှင့်လည်း ပြိုင်ရမည် ဖြစ်သည်။

တစ်ရှိန်ထိုး ကြီးထွားများပြားလာသည့် လူလတ်တန်းစားများ၏ ခရီးသွားလိုစိတ်များမှာ ပြင်းထန်လာစဉ် ပြီးခဲ့သည့် နှစ်များအတွင်းက ဗီယက်နမ် လေကြောင်းဈေးကွက်မှာလည်း မြင့်တက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်က လေယာဉ်ခရီးသည် အရေအတွက်သည် ၂၅ သန်း ရှိနေရာမှ ၂၀၁၇ ခုနှစ်တွင် ၆၂ သန်းသို့ ခုန်တက်လာခဲ့သည်။

ထိုသို့ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့သော ကဏ္ဍသည် လက်ရှိတွင်မူ ပြန်လည်အေးဆေးလာသည့် သင်္ကေတများကို ပြနေပြီဖြစ်ပြီး ဒေသထဲမှ လေဆိပ်များတွင်လည်း လေယာဉ်များဖြင့် ကျပ်ညပ်လာပြီ ဖြစ်သည်။ “လွန်ခဲ့တဲ့နှစ်နှစ်က ဗီယက်နမ်မှာ မြင်ရတဲ့ တိုးတက်မှုမျိုးအတိုင်း ဆက်သွားလိမ့်မယ်လို့ တွေးတာကတော့ သိပ်လက်တွေ့ မကျလှဘူး” ဟု ဗီယက်နမ် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ CAPA မှ လေ့လာသူတစ်ဦးဖြစ်သော ဘရန်ဒန်ဆိုဘီက ပြောခဲ့သည်။

Bamboo လေကြောင်းလိုင်း အနေနှင့် ဗီယက်နမ်၏ လူစည်ကားဆုံးဖြစ်သော ဟိုချီမင်းနှင့် ဟနွိုင်း လေဆိပ်များတွင် နေရာကောင်း ရရှိရန်အတွက် ရုန်းကန်ရဦးမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ထိုလေယာဉ်ကွင်းများသည် ပြန်လည် ပြုပြင်ထိန်းသိမ်းရန် အလွန်အမင်း လိုအပ်နေပြီဖြစ်သည်။

ခက်ခဲသော အလုပ်နှင့် စွန့်လွှတ်မှုများ

ထရန်ဗန်ကွန်သည် လက်ရှိအချိန်အထိ ဘိုရင်းမှ ဒေါ်လာ ၅ ဒသမ ၆ ဘီလျံတန်ဖိုးရှိသော 787 Dreamliners အစင်း ၂၀ ကို စုဆောင်းထားပြီးဖြစ်ပြီး နောက်ထပ်လည်း အဲဘတ်မှ ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ တန်ဖိုးရှိသော 321 neo လေယာဉ် ၂၄ စင်းကို ဝယ်ယူဦးမည် ဖြစ်သည်။ ထိုကဲ့သို့ ဝယ်ယူရန် ငွေကြေးများ၏ ရာခိုင်နှုန်း ၃၀ မှာ ထရန်ဗန်ကွန်၏ FLC မှ လာခြင်းဖြစ်ပြီး ကျန်ငွေများမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံမှ ဖြစ်သည်။

ပွဲဦးထွက် ပျံသန်းမှုအပြီးတွင် ပြည်တွင်းလေကြောင်းခရီးစဉ် ၃၇ ခုကို ပြေးဆွဲရန် စီစဉ်နေသည့် ထရန်ဗန်ကွန်သည် လက်ရှိအချိန်အထိ အစိုးရထံမှ လေကြောင်းလိုင်းလိုင်စင် မရသေးဟုလည်း သိရသည်။ သို့သော် ၎င်းသည် ၂၀၁၉ ခုနှစ်တွင် အာရှနှင့် မြောက်အာဖရိက ခရီးစဉ်များကို ပြေးဆွဲလိုနေပြီဖြစ်သည်။

မည်သို့ပင်စေ အသက် ၁၇ နှစ် အရွယ်တွင် စီဒီစက်များ ရောင်းချရန် ပထမဆုံး လေယာဉ်စစီးဖူးခဲ့သော ထရန်ဗန်ကွန်သည် ၎င်း၏ ဘဝတစ်လျှောက်လုံးတွင် ဖြစ်ရိုးဖြစ်စဉ် မရှိသည်များကို အောင်နိုင်ခဲ့သူ ဖြစ်သည်။

“ယေဘုယျအားဖြင့်တော့ ပိုက်ဆံရှာရတာ မလွယ်ပါဘူး။ အရမ်းအန္တရာယ်များတဲ့အပြင် အောင်မြင်နိုင်ဖို့ အခွင့်အရေးကလည်း အတော်အတန် နည်းပါသေးတယ်” ဟု ဆိုဘီက ပြောခဲ့သည်။

Ref : AFP

Most Read

Most Recent