Apple ၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံကျော်သွားခဲ့ပြီး စံချိန်သစ်တင်

Apple ၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံကျော်သွားခဲ့ပြီး စံချိန်သစ်တင်
Published 4 August 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ကယ်လီဖိုးနီးယား၌ iPhone X ကို ပြသနေစဉ် (Photo: AFP)

Apple သည် သြဂုတ် ၂ ရက်တွင် နောက်ထပ်မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံကျော်သွားခဲ့သော ပထမဆုံး ပုဂ္ဂလိကကုမ္ပဏီဖြစ်လာခဲ့သည်။ ကယ်လီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး Apple ၏ သုံးလပတ်အမြတ်သည် ယမန်တစ်နှစ်အလားတူကာလကထက် ၃၂ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံထိ မြင့်တက်ခဲ့သည်။ Apple ၏ ဝင်ငွေသည် ၁၀ ရာခိုင်နှုန်းထက် တိုးတက်ခဲ့ပြီး ဒေါ်လာ ၅၃ ဒသမ ၃ ဘီလျံအထိ ရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံ ကျော်သွားခဲ့ ခြင်းဖြစ်သည်။

သြဂုတ် ၂ ရက်က ဝေါစထရိတွင် Apple ၏ ရှယ်ယာတစ်စုလျှင် ၂၀၇ ဒသမ ၃၉ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် စတိဗ်ဂျော့နှင့် စတိဗ်ဝုဇ်နီးယက်တို့ ပူးတွဲတည်ထောင်ခဲ့သော Apple သည်  ဒေါ်လာ တစ်ထရီလျံကျော် ဈေးကွက်တန်ဖိုးကို ရရှိခဲ့သော ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ Petro China သည် ၂၀၀၇ ခုနှစ်တွင် ဒေါ်လာ ၁ ထရီလျံကျော် ဈေးကွက်တန်ဖိုးကို  ခေတ္တရရှိခဲ့ဖူးသည်။ သို့သော်လည်း နောက် ပိုင်းတွင် Petro China သည် ဈေးကွက်တန်ဖိုး ပြန်လည်ကျဆင်းသွားခဲ့သည်။

ဒေါ်လာ ၁ ထရီလျံကျော်တန်ဖိုးသည် အင်ဒိုနီးရှား၏ ဂျီဒီပီနှင့်ညီမျှပြီး ဘယ်လ်ဂျီယံ ဂျီဒီပီ၏ နှစ်ဆနှင့် ညီမျှကြောင်း ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့် ကမ္ဘာ့ဘဏ်စာရင်းအင်းများနှင့် နှိုင်းယှဉ်တွက်ချက်နိုင်သည်။

Most Read

Most Recent