လက်ရှိသမ္မတ အနိုင်ရသည့်ရလဒ်သည် အတုအယောင်ဟု ဇင်ဘာဘွေအတိုက်အခံများက ပယ်ချ

လက်ရှိသမ္မတ အနိုင်ရသည့်ရလဒ်သည် အတုအယောင်ဟု ဇင်ဘာဘွေအတိုက်အခံများက ပယ်ချ
Published 4 August 2018

သြဂုတ် ၃ ရက်တွင် ဟာရာရီ၌ သမ္မတ အမ်နန်ဂါဂွါအား ထောက်ခံသူများက အောင်ပွဲခံနေကြစဉ် (Photo: AFP)

လက်ရှိသမ္မတ အမ်မာဆန်အမ်နန်ဂါဂွါက အနိုင်ရကြောင်း ကြေညာခဲ့သည့် အထင်ကရ ရွေးကောက်ပွဲရလဒ်များသည် အတုအယောင်များဖြစ်သည်ဟု ဆိုကာ ဇင်ဘာဘွေ အတိုက်အခံက သြဂုတ် ၃ ရက်တွင် ပယ်ချခဲ့သည်။ ရာထူးဖယ်ရှားခံခဲ့ရသည့် ကာလရှည် အာဏာရှင် သမ္မတဟောင်း ရောဘတ်မူဂါဘီ၏ မဟာမိတ်ဟောင်းတစ်ဦးဖြစ်သော အမ်နန်ဂါဂွါသည် မူဂါဘီခေတ်လွန် ပထမဆုံး သမိုင်းဝင်ရွေးကောက်ပွဲ၌ ထောက်ခံမဲ ၅၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကွာဟချက် အလွန်ကျဉ်းမြောင်းသော ထိုရလဒ်သည် အတိုက်အခံခေါင်းဆောင် နယ်ဆင်ချာမီဆာနှင့် ဒုတိယအကျော့ ယှဉ်ပြိုင်ရမည့်အရေးမှ ရှောင်လွှဲနိုင်မည်ဖြစ်သည်။ ထိုရွေးကောက်ပွဲရလဒ်များသည် စိစစ်အတည်မပြုနိုင်သော အတုအယောင် ရလဒ်များဖြစ်သည်ဟု ချာမီဆာက ပယ်ချခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ZEC သည် ပါတီများက အတည်ပြုသည့် ပြည့်စုံပြီး စိစစ် အတည်ပြုနိုင်သော ရလဒ်များကို ထုတ်ပြန်သင့်ကြောင်း ချာမီဆာက Twitter တွင် တိုက်တွန်းရေးသားခဲ့သည်။ အာဏာရ ZANU-PF ပါတီမှ မူဂါဘီနေရာ ဆက်ခံခဲ့သည့် အမ်နန်ဂါဂွါက ၎င်း၏အောင်ပွဲသည် ဇင်ဘာဘွေအတွက် နိဒါန်းအသစ်ဖြစ်ကြောင်း ဂုဏ်ပြုခဲ့သည်။ ရွေးကောက်ပွဲများတွင် သဘောထားကွဲလွဲမှုများ ရှိခဲ့မည်ဖြစ်သော်လည်း အိပ်မက်စိတ်ကူးများတွင်မူ ၎င်းတို့သည် ညီညွတ်မှုရှိကြောင်း အမ်နန်ဂါဂွါက Twitter က ရေးသားခဲ့သည်။

ရွေးကောက်ပွဲတွင် မသမာမှုများရှိသည်ဟု အတိုက်အခံများ၏ စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် မြို့တော် ဟာရာရီတွင် သြဂုတ် ၁ ရက်၌ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ စစ်သားများက ပစ်ခတ်မှုများကြောင့် လူခြောက်ဦးသေဆုံးခဲ့သည်။ နောက်ထပ် ဆန္ဒပြမှုများအား သည်းခံမည်မဟုတ်ဟု အစိုးရက ကတိပြုခဲ့ချိန်တွင် သြဂုတ် ၂ ရက်၌ စစ်သားများနှင့် ရဲများက မြို့တော်၏ မြို့လယ်ကို ရှင်းလင်းခဲ့ကြသည်။ သြဂုတ် ၃ ရက်တွင်မူ လမ်းများတွင် ပုံမှန်အတိုင်း သွားလာနေကြသူများဖြင့် စည်ကားနေခဲ့သည်။ သို့သော် အတိုက်အခံ MDC ပါတီ ရုံးချုပ်အပြင်ဘက်၌ စစ်ကားတစ်စီးနှင့်  ရေအမြောက်များကို ထားရှိထားကြောင်း တွေ့ရှိရသည်။

လုံခြုံရေးများက မြို့တော်နှင့် အခြားမြို့များတွင် အင်အားအလွန်အကျွံသုံး၍ နှိမ်နင်းထားမှုကြောင့် ကြီးမားသော ဆန္ဒပြမှုများ ဖြစ်ပေါ်နိုင်ခြေမရှိဘဲ လာမည့် သီတင်းပတ်အနည်းငယ်အတွင်း အခြေအနေများသည် တည်ငြိမ်နေမည်ဟု လေ့လာသုံးသပ်သည့်အဖွဲ့ EXX Africa က ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်အား အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်သူများထံမှ တုံ့ပြန်မှုများသည် ရောထွေးနေသော်လည်း ဧရာမ မဲမသမာမှုများရှိကြောင်း အတိုက်အခံများ၏ အခိုင်အမာထုတ်ပြန်မှုများကို ပြသနိုင်သည့် စစ်မှန်သော အထောက်အထားများ နည်းပါးနေကြောင်းလည်း ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။ လာမည့် သီတင်းပတ် အနည်းငယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများသည် လျော့ပါးသွားမည် ဖြစ်ပြီး အစိုးရက ရင်းနှီးမြှုပ်နှံမှု အသစ်များ နှင့် ကြွေးမြီ လျှော့ပေါ့မှုများရရှိနိုင်ရန် ကြိုးပမ်းပြီး ထိခိုက်ခဲ့သော ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားမည်ဖြစ်သည်ဟု ထိုအဖွဲ့က သုံးသပ်ခဲ့သည်။

Most Read

Most Recent