ဟာဗေးဟာရီကိန်း တက္ကဆက် ကမ်းရိုးတန်းသို့ ဝင်တိုက်ခတ်

ဟာဗေးဟာရီကိန်း တက္ကဆက် ကမ်းရိုးတန်းသို့ ဝင်တိုက်ခတ်
Published 27 August 2017

ဟာဗေးဟာရီကိန်း ဝင်ရောက်ပြီးနောက် သြဂုတ် ၂၅ ရက်က တက္ကဆက်တွင် လူသူကင်းမဲ့သွားသော လမ်းတစ်လမ်းကို တွေ့ရစဉ် (Photo: AP)

ဟာဗေးဟာရီကိန်းသည် သြဂုတ် ၂၅ ရက်နှောင်းပိုင်းက တက္ကဆက်ကမ်းရိုးတန်းဒေသသို့ စတင်ဝင်ရောက် တိုက်ခတ်ခဲ့သည်။ မိုးများသည်းထန်စွာ ရွာစေကာ လေပြင်းများ အတူပါလာသည့် ဟာဗေးသည် အမေရိကန် ပြည်မကြီးသို့ ၁၂ နှစ်အတွင်း ပထမဆုံးဝင်တိုက်သည့် မုန်တိုင်းကြီး ဖြစ်လာခဲ့သည်။

ဟာဗေးဟာရီကိန်းသည် အမေရိကန်၏ အဓိက ရေနံထုတ်လုပ်ရေး ဗဟိုချက်ဖြစ်သော ကော်ပတ်ခရစ်စတီအနီးမှ ရော့ပို့ဒ်မြို့ငယ်သို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဟာဗေးသည် တစ်နာရီ လေတိုက်နှုန်း ၁၃၀ မိုင် (၂၁၅ ကီလိုမီတာ) ရှိနေပြီး အဆင့်ငါးဆင့် ရှိသည့်အနက် အဆင့်လေး ဟာရီကိန်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။ နာရီ အနည်းငယ် အကြာတွင် ဟာဗေးသည်ရော့ ပို့ဒ်မြို့၏မြောက်ဘက်သို့ ဒုတိယအကြိမ် ဝင်ရောက်ခဲ့သည်။ ယင်းအကြိမ်တွင် ဟာဗေး သည် တစ်နာရီလေတိုက်နှုန်း ၁၂၅ မိုင်နှင့် အဆင့်သုံးဟာရီကိန်း အဆင့်သို့ အားလျော့သွားသည်ဟု အမျိုးသား ဟာရီကိန်းစင်တာမှ ထုတ်ပြန်ခဲ့သည်။

လူသန်းပေါင်းများစွာ ဘေးအန္တရာယ် ကင်းစေပြီး အကူအညီများ ပိုမိုမြန်မြန်ဆန်ဆန် ရောက်ရှိလာစေရေးအတွက် ပြည်နယ်ထဲ၌ သဘာဝဘေးအန္တရာယ်ဇုန်တစ်ခု ကြေညာခွင့်ပြုရန် တက္ကဆက် အုပ်ချုပ်ရေးမှူး ဂရက်အဘော့၏ တောင်းဆိုမှုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခွင့်ပြုပေးခဲ့သည်။ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သမ္မတသည် လာမည့် သီတင်းပတ်တွင် သွားရောက်လိမ့်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၆ ရက်တွင် တက္ကဆက်နှင့် လူဝီစီးယားနား ပြည်နယ်တို့တွင် လေဆင်နှာမောင်းများ ကျရောက်နိုင်သည်ဟု မိုးလေဝသ ပညာရှင်များက သတိပေးထားသည်။

Ref: AFP

Most Read

Most Recent