BMW က ဟန်ဂေရီ၌ တည်ဆောက်မည့် ပထမဆုံးကားစက်ရုံအတွက် ယူရိုတစ်ဘီလျံမြှုပ်နှံမည်

BMW က ဟန်ဂေရီ၌ တည်ဆောက်မည့် ပထမဆုံးကားစက်ရုံအတွက် ယူရိုတစ်ဘီလျံမြှုပ်နှံမည်
Published 2 August 2018

၂၀၁၂ ခုနှစ် မတ် ၂၃ ရက်တွင် ဂျာမနီတောင်ပိုင်း ဒင်ဂိုဖင်းမြို့၌ BMW ၏ ကားတပ်ဆင်ရေးစက်ရုံတစ်ရုံကို တွေ့ရစဉ် (Photo: AFP)

BMW ကားကုမ္ပဏီက ဟန်ဂေရီတွင် တည်ဆောက်မည့် ကားစက်ရုံသစ်အတွက် ယူရိုတစ်ဘီလျံ (ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ BMW သည် လုပ်ခလစာနည်းပါးသော ဥရောပအလယ်ပိုင်းတွင် ကားစက်ရုံများ တည်ဆောက်နေကြသည့် ၎င်း၏မိတ်ဖက် ဂျာမန်ကားကုမ္ပဏီများနည်းတူ စက်ရုံတည်ဆောက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ အဆိုပါ ကားစက်ရုံအား နိုင်ငံအရှေ့ပိုင်းရှိ ဒီဘရီဆန်မြို့အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကားအစီးရေ ၁၅၀၀၀၀ ထုတ်လုပ်မည်ဖြစ်ကာ သမားရိုးကျ ဘက်ထရီကားများနှင့် လျှပ်စစ်စွမ်းအင်သုံးကားများပါ ထုတ်လုပ်မည် ဖြစ်သည်။ အလုပ်အကိုင် နေရာ ၁၀၀၀ ကျော်နီးပါး ဖန်တီးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ကားစက်ရုံတည်ဆောက်ရန် ဒီဘရီဆန်မြို့အား ရွေးချယ်ရခြင်းမှာ အခြေခံအဆောက်အအုံ ကောင်းမွန်ခြင်း၊ သင့်လျော်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် စီမံဖွဲ့စည်းမှုများ ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း BMW က ပြောကြားခဲ့သည်။ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတိုက စက်ရုံသစ် တည်ဆောက်ရန်အတွက် ဆွေးနွေးပွဲများသည် ၁၄ လအထိ ကြာမြင့်ခဲ့ကြောင်း၊ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် ဟန်ဂေရီနိုင်ငံအတွက် ကြီးမားသော အောင်မြင်မှုကြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ BMW ကုမ္ပဏီ သည် ပြိုင်ဘက် Audi နှင့် Mercedes-Benz ကုမ္ပဏီများကဲ့သို့ ဂျာမနီ၏ ပျမ်းမျှလုပ်ခ လစာထက် သုံးပုံတစ်ပုံ လျော့နည်းသော ဟန်ဂေရီတွင် ရင်းနှီးမြှုပ်နှံနေသည်။ BMW သည် ဥရောပတွင် ကားစက်ရုံ ၁၂ ရုံ တည်ဆောက်ထားကာ ဂျာမနီ၌ ရှစ်ရုံ၊ ဗြိတိန်၌ သုံးရုံ၊ သြစတြီးယား၌တစ်ရုံ ပါဝင်သည်။

Ref: AFP

Most Read

Most Recent