<

ဘယ်ဂျီယမ်နှင့် ဗြိတိန်တို့တွင် နာရီပိုင်းသာခြား၍ ဓားဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွား

သြဂုတ် ၂၅ ရက်က ဘရပ်ဆဲမြို့လယ်ရှိ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာတွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo: AFP)

ဘယ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲတွင် သြဂုတ် ၂၅ ရက်၌ စစ်သားတစ်ဦးအား ဓားဖြင့် တိုက်ခိုက်သူ တစ်ဦးသည် ပစ်သတ်ခံခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုအား အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကြောင်း ဘယ်ဂျီယမ် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့အပြီး နာရီပိုင်းသာ အကြာတွင် ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ အလစ်ဇဘတ်ဘုရင်မ၏ ဘက်ကင်ဟမ်နန်းတော် နေအိမ်အပြင်ဘက်၌ ရဲများအား ဓားဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူကို ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောနှစ်က မြေအောက်ဘူတာရုံနှင့် လေဆိပ်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့အပြီး တပ်လှန့်မှု တိုးမြှင့်ထားသော ဘရပ်ဆဲရှိ လမ်းတစ်လမ်းတွင် ဓားဖြင့် တိုက်ခိုက်ခဲ့သည့် အမျိုးသားသည် ဘုရားသခင်သာ အမြင့်မြတ်ဆုံးဟု အော်ဟစ်လျက် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းအား စစ်သားများက ပစ်သတ်ခဲ့ကြောင်း အစိုးရရှေ့နေများက ထုတ်ပြန်ခဲ့သည်။ ယင်းအမျိုးသားသည် အသက် ၃၀ ၀န်းကျင်ရှိပြီး ဆိုမာလီယာနိုင်ငံမှ လာသူဖြစ်ကြောင်း ဘယ်ဂျီယမ်မီဒီယာများက ဖော်ပြခဲ့သည်။

လန်ဒန်တွင် ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်၌ အမျိုးသားတစ်ဦးက ဓားရှည်တစ်လက်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ရဲနှစ်ဦးသည် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြကြောင်း၊ ယင်းတိုက်ခိုက်သူအား အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေအရ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၂၆ နှစ်ရှိ ယင်းအမျိုးသားသည် ထင်ရှားသော နန်းတော်အပြင်ဘက်ရှိ ကန့်သတ်ဧရိယာတစ်ခုတွင် ရဲကားတစ်စီးအနီး ဒေသစံတော်ချိန်ည ၈ နာရီ ၃၅ မိနစ်၌ ကားကိုရပ်ခဲ့ကြောင်း လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်း၏ ကားထဲတွင် ဓားရှည်တစ်လက်ကို ရဲများက တွေ့ရှိခဲ့ပြီး ၎င်းအား ဖမ်းဆီးရန် သွားခဲ့ကြောင်း၊ ယင်းအမျိုးသားအား ထိန်းသိမ်းရန် ကြိုးပမ်းစဉ် ရဲနှစ်ဦး၏ လက်မောင်းများတွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြကြောင်း ယင်းကြေညာချက်က ဆိုသည်။ အလွန်အမင်း ထိခိုက်နာကျင်စေမှုနှင့် ရဲများအား တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် သံသယရှိမှုဖြင့် ယင်းအမျိုးသားကို အစောပိုင်းတွင် ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ၂၀၀၀ ပြည့်နှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေအရ ဖမ်းဆီးခဲ့ပြီး လန်ဒန်အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

စပိန်တွင် ပြီးခဲ့သော သီတင်းပတ်က IS အဖွဲ့က ၎င်းတို့၌ တာဝန်ရှိသည်ဟု ထုတ်ပြန်ခဲ့သည့် လူအုပ်ထဲသို့ ကားဖြင့် ၀င်တိုက်မှုနှစ်ခု ဖြစ်ပွားခဲ့အပြီး ဘယ်ဂျီယမ်နှင့် ဗြိတိန်၌ ဓားဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုကြောင့် လက်နက်ကိုင်စစ်သားများဖြင့် ကင်းလှည့်နေသည့် ဘရပ်ဆဲရှိ အရေးကြီးသော နေရာတစ်ခုဖြစ်သည့် Grand Place အနီး လမ်းကျယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို တစ်ဦးတည်းကသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြို့တော်ဝန် ဖီးလစ်ပီကလို့စ်က ထုတ်ပြန်ခဲ့သည်။

ဗြိတိန်တွင် ယခုတစ်နှစ်တည်းမှာပင် မတ်နှင့်မေ၌ လန်ဒန်နှင့် မန်ချက်စတာတို့တွင် ဖြစ်ပွားခဲ့သည့် လူအုပ်ထဲသို့ ကားဖြင့် ၀င်တိုက်မှုနှစ်ခုနှင့် အမေရိကန် လူငယ်အဆိုတော် အရီယာနာဂရန်ဒီ၏ ဖျော်ဖြေပွဲတွင် အသေခံဗုံးခွဲမှုတို့ကြောင့် စုစုပေါင်းလူ ၃၅ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်တွင် ဘရပ်ဆဲရှိ ဇာဗန်တင်လေဆိပ်နှင့် ဥရောပသမဂ္ဂ သံတမန်ရပ်ကွက်အနီး မားဘိခ်မြေအောက်ဘူတာရုံတို့တွင် အသေခံ ဗုံးခွဲမှုများကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော ဇွန်တွင်လည်း ဘရပ်ဆဲဘူတာရုံ၌ ဗုံးခွဲတိုက်ခိုက်ရန် ကြိုးစားခဲ့သော အသက် ၃၆ နှစ်ရှိ မော်ရိုကိုနိုင်ငံသား တစ်ဦးအား စစ်သားတစ်ဦးက ပစ်သတ်နိုင်ခဲ့ကြောင်း သိရသည်။

Ref: AFP

August 26, 2017














Copy Protected by Chetan's WP-Copyprotect.