မြောက်ကိုရီးယားက ဒုံးအသစ်များကို ဆက်လက်တည်ဆောက်နေဟု သတင်းများ၌ ဖော်ပြ

မြောက်ကိုရီးယားက ဒုံးအသစ်များကို ဆက်လက်တည်ဆောက်နေဟု သတင်းများ၌ ဖော်ပြ
Published 1 August 2018

မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ပုံ၌ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးအား ကြည့်ရှုစစ်ဆေးနေသည့် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo - AFP)

ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများနှင့် အခြားသက်သေအသစ်များအရ မြောက်ကိုရီးယားသည် ဒုံးသစ်များကို တည်ဆောက်နေဆဲဖြစ်သည့် အကြောင်းကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက တွေ့ ရှိခဲ့သည်ဟု ဝါရှင်တန်ပို့စ်တွင် ဇူလိုင် ၃၀ ရက်က ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်တို့၏ လောင်းကြေးမြင့်သော ထိပ်သီးဆွေးနွေးမှုအပြီး သီတင်းပတ်အနည်းငယ်အကြာတွင် မြောက်ကိုရီးယားသည် လောင်စာအရည်အသုံးပြုသော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း သို့မဟုတ် နှစ်စင်းထက်မနည်းကို တည်ဆောက်နေဖွယ်ရှိသည်ဟု ထောက်လှမ်းရေးနှင့် နီးစပ်မှုရှိသော သတင်းရင်းမြစ်များကို ကိုးကားပြီး ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။

မြို့တော်ပြုံယမ်းအပြင်ဘက် ဆာနမ်ဒန်ရှိ စက်ရုံတွင် အမေရိကန်ပြည်ထောင်စု အထိရောက်ရှိနိုင်သော မြောက်ကိုရီးယား၏ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) များအား ထုတ်လုပ်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဇွန်လတွင် ပြုလုပ်ခဲ့သည့် စင်ကာပူ ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် ထရန့်က မြောက်ကိုရီးယားသည် နျူကလီးယားခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ သံတမန်ရေးဆိုင်ရာ အောင်မြင်မှုများဟု အမွှမ်းတင်ခဲ့သည်။ သို့သော် ကင်ဂျုံအွန်ကမူ ၎င်းနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်ဆိုင်ရာစက်ရုံများ၌ လှုပ်ရှားဆောင်ရွက်မှုများကို အဆုံးသတ်လိုက်မည်ဟု လူသိရှင်ကြားကတိပေးခြင်းမရှိသေးဘဲ ယင်းအစား နျူကလီးယားဖျက်သိမ်းရေးကို နောက်ဆုံးတွင် လုပ်ဆောင်မည်ဟုသာ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ကွဲပွားခြင်းဖြင့် နျူကလီးယားစွမ်းအင်ထုတ်လုပ်နိုင်သော ပစ္စည်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏ထွက်ဆိုချက်အတွင်း ဆီးနိတ်အမတ်များအား ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားက ဒုံးကျည်သစ်များ တည်ဆောက်နေခြင်း ရှိ၊ မရှိကိုမူ ၎င်းက တစ်စုံတစ်ရာ ရည်ညွှန်းပြောခဲ့ခြင်း မရှိပေ။

ဆာနမ်ဒန်စက်ရုံတွင် Hwasong – 15 ICBM ဒုံးတစ်စင်းထက်မနည်း ဆောက်နေသည်ကို အမျိုးသားအာကာသ ထောက်လှမ်းရေးအေဂျင်စီ၏ ဓာတ်ပုံများက ရည်ညွှန်းနေသည်ဟု ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။ “သူတို့တတွေ အရင်တုန်းကလိုပဲ လုပ်နေကြတာကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်” ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ဝါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ဆိုဟယ်ဂြိုဟ်တုလွှတ်တင် ရေးစခန်းတွင်မူ ထရန့်နှင့် ထိပ်သီးအစည်း အဝေးတွင်ပေးခဲ့သော ကတိအတိုင်းအလုပ်သမားများသည် အင်ဂျင်စမ်းသပ်ရေးစင်ကို ဖြိုဖျက်နေကြပုံကို တွေ့ရသည်။ သို့သော် ယင်းစက်ရုံသည် ပြန်လည်တည်ဆောက်ရ လွယ်ကူသဖြင့် သင်္ကေတဆန်သော လုပ်ရပ်တစ်ခုဟု ရှုမြင်ခံနေရသည်။

ဇူလိုင် ၇ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံထဲတွင်လည်း အနီရောင် တောက်တောက်ရှိသော နောက်တွဲယာဉ်တစ်စင်းကို ပစ္စည်းအတင်အချလုပ်သည့် နေရာတွင် တွေ့ရသည်။ အဆိုပါယာဉ်သည် ICBM များကို သယ်ယူပို့ဆောင်ရာတွင် ယခင်က မြောက်ကိုရီးယားအသုံးပြုခဲ့သည့် ယာဉ်များနှင့် ဆင်တူနေသည်ဟု ယူဆရသည်။

Ref ; AFP

Most Read

Most Recent