ရွေးကောက်ပွဲအနိုင်ရရန် အခြေအနေကောင်းနေဟု ဇင်ဘာဘွေပြိုင်ဘက်များက အပြိုင်အဆိုင်ကြေညာ

ရွေးကောက်ပွဲအနိုင်ရရန် အခြေအနေကောင်းနေဟု ဇင်ဘာဘွေပြိုင်ဘက်များက အပြိုင်အဆိုင်ကြေညာ
Published 1 August 2018

ဇူလိုင် ၃၀ ရက်တွင် ဟာရာရီဆင်ခြေဖုံး၌ မဲရုံတစ်ရုံတွင် မဲများ ရေတွက်နေကြစဉ် (Photo - AFP)

ကာလရှည်ကြာ အာဏာရှင်သမ္မတ ရောဘတ်မူဂါဘီ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးကျင်းပသော ဇင်ဘာဘွေ ရွေးကောက်ပွဲ၌ မဲများအား ရေတွက်နေဆဲအချိန်တွင် ပြိုင်ဘက်သမ္မတလောင်းနှစ် ဦးစလုံးက ရွေးကောက်ပွဲအနိုင်ရရန် အခြေအနေကောင်းနေကြောင်း ဇူလိုင် ၃၁ ရက်တွင် အပြိုင်ကြေညာခဲ့ကြသည်။

သမ္မတအမ်မာဆန်အမ်နန်ဂါဂွါက ၎င်း၏ အာဏာရ ZANU-PF ပါတီသည် မဲရေတွက်မှုရလဒ်များအရ အလွန်အမင်း ကောင်းမွန်သော အချက်အလက်များရရှိနေကြောင်း ပြောကြားခဲ့ပြီး အတိုက်အခံခေါင်းဆောင် နယ်လ်ဆင်ချာမီဆာကလည်း ၎င်း၏ MDC ပါတီသည် အပြတ်အသတ်အနိုင်ရနေကြောင်း အပြိုင်ကြေညာခဲ့သည်။

ထိုသမိုင်းဝင်ရွေးကောက်ပွဲတွင် အပြိုင်အဆိုင်ဖြစ်သည့်ရလဒ်သို့ ဦးတည်သွားဖွယ်ရှိပြီး မဲမသမာမှုနှင့် မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့ကြကြောင်း နှစ်ဖက်စလုံးမှ စွပ်စွဲချက်များထွက်ပေါ်ပြီး ခါးသီးသော ယှဉ်ပြိုင်မှုသို့ ပြောင်းလဲသွားနိုင်ခြေလည်း မြင့်တက်နေသည်။

မြေပြင်ရှိ ၎င်းတို့၏ ကိုယ်စားလှယ်များထံမှရရှိသော အချက်အလက်များအရ အခြေအနေ အလွန်ကောင်းမွန်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားဝင် ရလဒ်များကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေကြောင်း မူဂါဘီ၏ လက်ရုံးဟောင်းတစ်ဦးဖြစ်သော အသက် ၇၅ နှစ်ရှိ အမ်နန်ဂါဂွါက Twitter တွင် ရေးသားခဲ့သည်။

မဲမသမာမှုများရှိနိုင်ကြောင်း စွပ်စွဲချက်များကို ရွေးကောက်ပွဲမဲဆွယ်မှုများအတွင်း အကြိမ်ကြိမ် သတိပေးခဲ့သည့် အသက် ၄၀ ရှိ ချာမီဆာက ၎င်း၏ MDC ပါတီသည် မဲရုံ ၁၀၀၀၀ ကျော်အနက် အများစုမှ ရလဒ်များ ကိုရရှိထားပြီး အပြတ်အသတ်အနိုင်ရနေကြောင်း၊ အစိုးရသစ်ဖွဲ့ရန် အသင့်ရှိနေကြောင်း ဇူလိုင် ၃၀ ရက်တွင် အထင်ကရ ရွေးကောက်ပွဲအပြီး၌ Twitter တွင် ရေးသားခဲ့သည်။

မူဂါဘီမပါဝင်သော ဇင်ဘာဘွေ၏ ပထမဆုံးရွေးကောက်ပွဲတွင် မဲလာပေးသူအရေအတွက် မြင့်မားခဲ့ပြီးနောက် ထိုနေ့ တစ်ညလုံး မဲရေတွက်မှုများ လုပ်ဆောင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ဗြိတိန်ကိုလိုနီ အုပ်ချုပ်မှုမှ လွတ်မြောက်ခဲ့ပြီးနောက် ဇင်ဘာဘွေကို ZANU-PF ပါတီက သံမဏိ လက်သီးဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် အတိုက်အခံများသာ အောင်ပွဲခံပါက ZANU-PF အတွက် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာမည်ဖြစ်သည်။

အမ်နန်ဂါဂွါအား ထောက်ခံသော စစ်ဗိုလ်ချုပ်များက MDC အနိုင်ရသည့်ရလဒ်ကို လက်ခံ၊ မခံသည် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းအရေအတွက် စံချိန်တင်များပြားခဲ့သည့် ထိုရွေးကောက်ပွဲများအား ကြီးကြပ်ရသည့် တာဝန်ရှိသူများက မဲရုံအများအပြားတွင် လူတန်းရှည်များ စောင့်ဆိုင်းခဲ့ကြပြီး မဲလာပေးသူ ပျမ်းမျှအရေအတွက်သည် ၇၅ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ခန့်မှန်းခဲ့သည်။

ခြုံငုံပြောရလျှင် မဲလာပေးသူအရေအတွက် အထူးသဖြင့် လူငယ်ထုအကြား အလွန်အမင်း မြင့်မားခဲ့ကြောင်း၊ အများစုသည် ပုံမှန်အားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အလွန်ကောင်းမွန်သော အနေအထား၌ မဲပေးခဲ့ကြကြောင်း ဥရောပသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် အီမာဘရွတ်က ပြောကြားခဲ့သည်။

Ref ;AFP

Most Read

Most Recent