အီရန်ခေါင်းဆောင်များနှင့် အချိန်မရွေးတွေ့ဆုံရန် လိုလားဟု ထရန့်ပြောကြား

အီရန်ခေါင်းဆောင်များနှင့် အချိန်မရွေးတွေ့ဆုံရန် လိုလားဟု ထရန့်ပြောကြား
Published 1 August 2018

ဇူလိုင် ၃၀ ရက်တွင် အိမ်ဖြူတော်၌ စကားပြောနေသော သမ္မတထရန့် (ဝဲ)ကို တွေ့ရစဉ် (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်ခေါင်းဆောင်များနှင့် ကြိုတင်သတ်မှတ်ချက်မပါဘဲ တွေ့ဆုံရန်လိုလားသည့်အကြောင်း ဇူလိုင် ၃၀ ရက်က ပြောကြားခဲ့ခြင်းဖြင့် အီရန်နှင့် စစ်ဖြစ်တော့မည်ဟု ၎င်း၏ ခြိမ်းခြောက်မှုများအား စွန့်လွှတ်လိုက်ပုံရသည်။ ယင်းသည် ခန့်မှန်း၍မရသော အမေရိကန်သမ္မတ၏ နောက်ဆုံးအံ့ အားသင့်ဖွယ်လမ်းကြောင်းပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။

အီရန်သည် ဖော်မပြနိုင်လောက်သည့် နောက်ဆက်တွဲအကျိုးဆက်များကို ခံစားရလိမ့်မည်ဟု ထရန့်က သတိပေးပြီး သီတင်းတစ်ပတ်အကြာမှာပင် အီရန်ခေါင်းဆောင် ဟက်ဆန်ရိုဟာနီနှင့် မည်သည့်အချိန်တွင်မဆို တွေ့ဆုံမည်ဖြစ်ပြီး မည်သည့်ကြိုတင်သတ်မှတ်ချက်မှလည်း မပါကြောင်း ထရန့်က ထပ်မံပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေ့ချင်တယ်ဆိုရင်ကျွန်တော် အီရန်နဲ့ တွေ့မှာပါ။ သူတို့ဘက်က အဆင်သင့် ဖြစ် မဖြစ်ကိုတော့ ကျွန်တော် မသိပါဘူး။ ကြိုတင်သတ်မှတ်ချက် မပါပါဘူး” ဟု ထရန့်က အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တေနှင့် အိမ်ဖြူတော်၌ ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ယခုကဲ့သို့ သမ္မတထရန့်က ပွင့်ပွင့်လင်းလင်း ကမ်းလှမ်းမှု ပြုလုပ်လိုက်ဖွယ်ရှိစဉ် အိမ်ဖြူတော်နှင့် အစိုးရအရာရှိများကမူ အလျင်အမြန် ကြိုတင်သတိပေးမှုများ ထုတ်ပြန်ခဲ့ကြသည်။

ကြိုတင်သတ်မှတ်ချက်မရှိသည့် အကြောင်း ထရန့်၏ ပြောကြားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့သည်။ “ပြည်သူတွေအပေါ် ဆက်ဆံပုံတွေကိုပြောင်းလဲခြင်း၊ မကောင်းတဲ့ အကျင့်စရိုက်တွေကို လျှော့ချခြင်း၊ နျူကလီးယား တိုးတက်ပျံ့ပွားမှုကို အမှန်တကယ် တားဆီးနိုင်တဲ့ နျူကလီးယား သဘောတူညီချက်တစ်ခုထဲမှာပါဖို့ သဘောတူခြင်းအစရှိတဲ့ အခြေခံပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ ကတိပြုမယ်ဆိုရင်တော့ သမ္မတဟာ ပြဿနာတွေကို ဖြေရှင်းဖို့သူတို့နဲ့ တွေ့လိုပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

ထို့အတူ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ထရန့်သည် ဆွေးနွေးပွဲကို ဖွင့်ပေးလိုက်ကာ ခါးသီးသော ဆယ်စုနှစ်လေးခုကြာ နှစ်နိုင်ငံ ဆက်ဆံရေးကို အဆုံးသတ်မည်ဖြစ်သော်လည်း အီရန်ဘက်မှ အခြေခံပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။

နျူကလီးယား သဘောတူညီချက်သို့ အမေရိကန်ပြန်လာရမည်

ထိုစဉ် အီရန်က အမေရိကန်နှင့် ပြုလုပ်မည့် မည်သည့်တွေ့ဆုံဆွေးနွေးမှုမဆို ရန်လိုမှုများကို လျှော့ချခြင်း၊ နျူကလီးယား သဘောတူညီချက်သို့ ပြန်လာခြင်းဖြင့် စတင်ရမည်ဖြစ်ကြောင်း အီရန်သမ္မတ ရိုဟာနီ၏ အကြံပေးတစ်ဦးက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

“ကြီးမြတ်တဲ့နိုင်ငံ အီရန်အပေါ် လေးစားမှုရှိတဲ့အနေနဲ့ ရန်လိုမှုတွေကို လျှော့ချပြီး အမေရိကန်အနေနဲ့ နျူကလီးယားသဘော တူညီချက်ကို ပြန်လာပါ။ ဒါဟာ အခက်အခဲများတဲ့ လမ်းရဲ့အဖွင့်ပဲ ဖြစ်ပါတယ်” ဟု ဟာမစ်အဘူတာလီဘိုင်က Twitter ပေါ်တွင် ရေးသားခဲ့သည်။၂၀၁၃ ခုနှစ်က အိုဘားမားနှင့် ရိုဟာနီကြားတွင် ဖုန်းပြောခဲ့ခြင်းအပါအဝင် အီရန်သည် တွေ့ဆုံဆွေးနွေးမှုအတွက် လမ်းဖွင့်ထားသည့် အကြောင်းကို ယခင်ကလည်း ပြသခဲ့သည်ဟု အဘူတာလီဘိုင်က ဆိုသည်။

Ref ; AFP

Most Read

Most Recent