တရားမဝင် သစ်များ တင်သွင်းမှုကို နှိမ်နင်းရန် Global Witness က တရုတ်ကို တိုက်တွန်း

တရားမဝင် သစ်များ တင်သွင်းမှုကို နှိမ်နင်းရန် Global Witness က တရုတ်ကို တိုက်တွန်း
Published 31 July 2018

၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက်တွင် တရုတ်နိုင်ငံ တျန်ကျင်းမြို့၌ သစ်စက်တစ်ခုတွင် အလုပ်သမားများကို တွေ့ရစဉ် (Photo: Reuters)

ဂေဟစနစ်များကို ပျက်စီးစေပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပျက်စီးစေသော သစ်တောပြုန်းတီးမှုများ ဖြစ်ပွားနေသည့် ပါပူအာနယူးဂီနီ ကဲ့သို့ နိုင်ငံများမှ တရားမဝင်သစ်များ တင်သွင်းမှုကို တရုတ် အစိုးရက စောင့်ကြည့် ဟန့်တားရမည်ဟု အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က ဇူလိုင် ၃၀ ရက်တွင် တိုက်တွန်းခဲ့သည်။

ပါပူအာနယူးဂီနီတွင် အစိုးရက ခွင့်ပြုချက်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားသော်လည်း တရားမဝင် သစ်ခိုးထုတ်မှုများ အမြောက်အမြား ရှိနေသည်ဟု စောင့်ကြည့်ရေးအဖွဲ့ Global Witness က အစီရင်ခံစာသစ် တစ်ခုတွင် ပြောကြားခဲ့သည်။

ခြစားမှုများနှင့် ခွင့်ပြုချက် ထုတ်ပေးမှုတွင် လာဘ်ပေးလာဘ်ယူ ရှိမှုတို့ကြောင့် ဒေသခံလူမျိုး မြေပိုင်ရှင်များ၏ သဘောတူညီချက် မပါဘဲ သစ်ခိုးထုတ်မှုများကို ဖြစ်စေကြောင်း၊ တရားဝင်ခွင့်ပြုထားသည့် ပမာဏထက် ပို၍ သစ်တင်ပို့မှုများ ရှိခဲ့ကြောင်း Global Witness က ပြောကြားခဲ့သည်။ တရုတ်သည် ကမ္ဘာပေါ်တွင် သစ်နှင့် သစ်ထုတ်ကုန်များကို အများဆုံး ထုတ်လုပ်သုံးစွဲသည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း နယ်စပ်များမှ ဝင်ရောက်လာသော တရားမဝင်သစ်များကို ထိန်းချုပ်ရန်အတွက် တရုတ်တွင် စည်းမျဉ်းစည်းကမ်းများ မရှိသေးကြောင်း ယင်းအဖွဲ့က ဆိုသည်။

ပါပူအာနယူးဂီနီကဲ့သို့ နိုင်ငံများမှ တရားမဝင် သစ်များသည် တရုတ်ဈေးကွက်သို့ စုပြုံဝင်ရောက်ခဲ့ရာ တရုတ်ဂုဏ်သတင်းကို ထိခိုက်စေနိုင်ဖွယ်ရှိပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့နှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို ပျက်စီးစေနိုင်ကြောင်း Global Witness က ဆိုသည်။

တရားမဝင်သစ်များ တင်သွင်းမှုကို တားမြစ်ထားသော ဥရောပသမဂ္ဂရှိ ဝယ်ယူသူများက တရားမဝင် သစ်ထုတ်လုပ်မှုကို ကာကွယ်ရန်အတွက် တရုတ်သွင်းကုန်များကို အရေးယူ ဆောင်ရွက်ဖွယ်ရှိကြောင်း Global Witness က ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီသည် တရုတ်သို့ သစ်များ အများဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်သွင်းကုန်သစ်များ၏ ၂၉ ရာခိုင်နှုန်းကို ပါပူအာနယူးဂီနီမှ ရရှိခြင်းဖြစ်ကြောင်း Global Witness က ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီတွင် မကြာသေးခင် နှစ်များက သစ်တောပြုန်းတီးမှုသည် ထူးထူး ခြားခြား ဆိုးရွားလာခဲ့ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံ၏ သစ်တောဟက်တာ ၆၄၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ ဒေသခံတို့၏ အသက်မွေးမှုဘဝကို အထောက်အကူ ဖြစ်စေသော သစ်တောများက ပါပူအာနယူးဂီနီ ဧရိယာ၏ ၇၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားပြီး ကမ္ဘာတွင် အရှားပါးဆုံး အပင်နှင့်သတ္တဝါများသည် ပါပူအာနယူးဂီနီ၏ သစ်တောများတွင် ရှိနေကြသည်။

 

Most Read

Most Recent