သဘာဝဘေးဒဏ်ခံထားရသော ဂျပန်သို့ အင်အားပြင်းတိုင်ဖွန်း ဂျွန်ဒါရီဝင်ရောက်

သဘာဝဘေးဒဏ်ခံထားရသော ဂျပန်သို့ အင်အားပြင်းတိုင်ဖွန်း ဂျွန်ဒါရီဝင်ရောက်
Published 30 July 2018

ဂျပန်နိုင်ငံသို့ ဇူလိုင် ၂၉ ရက်က တိုင်ဖွန်းဂျွန်ဒါရီ ဝင်ရောက်လာစဉ် တိုကျိုမြို့တော်မှ မြင်ကွင်း (Photo: AFP)

အင်အားကြီးမားလှသော တိုင်ဖွန်းမုန်တိုင်းတစ်ခုသည် ဇူလိုင် ၂၉ ရက်တွင် ဂျပန် နိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယခုလအစောပိုင်းကမှ ရေကြီး၊မြေပြိုမှုဒဏ်ကို ခံစားထားခဲ့ရသည့် ဂျပန်နိုင်ငံအနောက်ပိုင်းဒေသများသို့ ထိုတိုင်ဖွန်းမုန်တိုင်းမှာ မွှေနှောက်တိုက်ခတ်နေခဲ့စဉ် မိုးများ အကြီးအကျယ် ရွာသွန်းခဲ့သည်။ တစ်နာရီလျှင် လေတိုက်နှုန်း ၁၈၀ ကီလိုမီတာ (မိုင် ၁၁၀) ရှိသော တိုင်ဖွန်းဂျွန်ဒါရီသည် ဒေသစံတော်ချိန် နံနက်တစ်နာရီ ဝန်းကျင်က မိုင်စီရင်စုရှိ အီစဲမြို့သို့ စတင်ဝင်ရောက်ခဲ့သည်ဟု  ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ် ၁၇၀ ကျော်နှင့် ရထားသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဖျက်သိမ်းခဲ့ရသည်။ မှန်နှင့်သတ္တုအပိုင်းအစများ ကွဲအက်ပြုတ်ကျခြင်းများကြောင့် လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။နိုင်ငံပိုင် NHK သတင်းဌာန၏ ဖော်ပြချက်၌မူ စီရင်စုခြောက်ခုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးထက်မနည်းရှိသည်ဟု သိရသည်။

တိုင်ဖွန်းသည် အီစဲမြို့သို့ ဝင်ရောက်ပြီးနောက် အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ်သို့ အားလျော့သွားခဲ့သော်လည်း ပြည်နယ် အများအပြား၌ သတိအနေအထားဖြင့် ဆက်လက်ရှိနေကြကြောင်း မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

“ဇူလိုင်အစောပိုင်းက မိုးအကြီးအကျယ် ရွာသွန်းမှုဖြစ်ပြီးနောက်ပိုင်း ကျွန်တော်တို့တွေ အရေးပေါ်အခြေအနေအတွက် အသင့်အနေအထားမှာ တစ်လျှောက်လုံးရှိနေခဲ့တာပါ။ ကံကောင်းတာက အခုအချိန်ထိ မုန်တိုင်းကြောင့် ရေကြီးမှုထပ်ဖြစ်တာကို မတွေ့ရသေးပါဘူး”  ဟု ဂျပန်အနောက်ပိုင်း အိုကာယာမာစီရင်စုရှိ ပဋိပက္ခစီမံခန့်ခွဲရေး အကြီးအကဲ ကိုဂျီကူနီတိုမီက ဆိုသည်။

မုန်တိုင်းသည် နိုင်ငံအရှေ့ပိုင်းဒေသတစ်ဝန်း၌ မိုးအကြီးအကျယ်ရွာသွန်းမှုကို ဖြစ်ပေါ်စေပြီးနောက် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံအနောက်ပိုင်းသို့ ရွှေ့လျားသွားခဲ့သည်။ မိုးများ မသည်းထန်လာမီ ဘေးလွတ်ရာသို့  ရွှေ့ပြောင်းကြရန် ဒေသခံ ၁၀၀၀၀ ကျော်ကို နိုင်ငံအနောက်ပိုင်းမှအာဏာပိုင်တို့က တိုက်တွန်းနှိုးဆော်ထားခဲ့သည်။

တိုကျိုအနောက်တောင်ဘက်ရှိ ပင်လယ်ကျောက်ဆောင်များနှင့် ကမ်းပါးယံများကို မြင့်မားသော လှိုင်းလုံးကြီးများက အရှိန်ပြင်းပြင်းရိုက်ပုတ်နေပုံများနှင့် မိုးသက်လေပြင်း ကျရောက်မှုကြောင့် သစ်ပင်များ ယိမ်းထိုးနေပုံများကို ရုပ်သံသတင်းများ၌ တွေ့ခဲ့ကြရသည်။

ယခုလအစောပိုင်းက စံချိန်တင်မိုးရွာ သွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၂၀ ဝန်းကျင် သေဆုံးခဲ့သော နိုင်ငံအနောက်ပိုင်း ချူဂိုကူမြို့သို့လည်း ယခု တိုင်ဖွန်းမုန်တိုင်းကြီးမှာ ရွေ့လျားဖြတ် သန်းခဲ့ပြီးဖြစ်သည်။ တိုင်ဖွန်းဂျွန်ဒါရီကြောင့် မိုးများ သည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းများ ဖြစ်နိုင်သည်ဟု မိုးလေဝသအေဂျင်စီက သတိပေးခဲ့ပြီး ဒေသခံများကို စောစီးစွာ ဘေးလွတ်ရာသို့  ရွှေ့ပြောင်းကြရေးအတွက် စဉ်းစားကြရန် တိုက်တွန်းထားခဲ့သည်။

 

Most Read

Most Recent