အာရှ၏ဘက်ထရီဟု လူသိများသော လာအို၏ အငြင်းပွားစရာ ရေအားလျှပ်စစ်စီမံကိန်းများ

အာရှ၏ဘက်ထရီဟု လူသိများသော လာအို၏ အငြင်းပွားစရာ ရေအားလျှပ်စစ်စီမံကိန်းများ
Published 30 July 2018

၂၀၀၆ ခုနှစ် မေ ၁၈ ရက်တွင် ဗီယန်ကျင်းတောင်ဘက် ၃၁၁ မိုင်အကွာ၌ Nam Theun 2 ဆည်အတွက် စွမ်းအင်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (Photo: Reuters)

‘အာရှ၏ ဘက်ထရီ’ ဟု လူသိများသော တောင်တန်းထူထပ်ပြီး ကုန်းတွင်းပိတ်ဖြစ်သည့် လာအိုတွင် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် အလျင်မြန်ဆုံး နည်းလမ်းအဖြစ် စွမ်းအင်အလွန်အမင်း လိုအပ်နေသည့် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင်များ ရောင်းချနိုင်ရန် ဒါဇင်များစွာသောဆည်များကို အန္တရာယ်ဖြစ်လောက်သည့် အမြန်နှုန်းဖြင့် တည်ဆောက်နေသည်။ သို့သော် ကွန်မြူနစ်နိုင်ငံ လာအို၏ ရည်မှန်းချက် ကြီးမားသော စွမ်းအင်စက်ရုံများ စီမံကိန်းများသည် အလွန်အမင်း အငြင်းပွားစရာ ဖြစ်နေသည်။

ထိုစက်ရုံများမှ ထွက်ရှိသော စွမ်းအင်အများစုအား ထိုင်းနိုင်ငံသို့ ဝေစုအများဆုံး အပါအဝင် အိမ်နီးချင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်တို့သို့ တင်ပို့ခဲ့သည်။ ထိုင်းတွင် မြို့တော်ဘန်ကောက်ရှိ ဈေးဝယ်စင်တာကြီးများက ထိုလျှပ်စစ်ဓာတ်အား အများအပြားကို ရယူသုံးစွဲနေခြင်းဖြစ်သည်။ သို့သော် ရာပေါင်းများစွာသော ကျေးရွာများအား အမြဲတမ်း မဖြစ်မနေ ရွှေ့ပြောင်းပေးခဲ့ရမှုနှင့် တောတောင်ရေမြေ အနေအထားများ ပုံစံပြောင်းလဲမှု ဖြစ်စေခဲ့သည့် ထိုစီမံကိန်းများမှ ဝင်ငွေများသည် ဒေသခံ အသိုင်းအဝိုင်းထံ မဆိုစလောက်သာ ရောက်ရှိခဲ့သည်။

ဇူလိုင် ၂၃ ရက်တွင် လာအိုတောင်ပိုင်း၌ ဆည်တစ်ခုကျိုးပေါက်ခဲ့မှုက ရေအားလျှပ်စစ်ကို အလွန်အမင်း လောင်းကြေးထပ်ထားသည့် လာအိုအတွက် ကြီးမားသောဘေးကို မီးမောင်းထိုးပြခဲ့သည်။

မည်သည့်အတွက် ဆည်အများကြီးကို တည်ဆောက်သလဲ

ကျယ်ပြန့်သော မြစ်ကြောင်းစနစ်နှင့် တွင်းထွက်ပစ္စည်းကြွယ်ဝပြီး လူဦးရေခြောက်သန်းခန့်သာရှိသည့် လာအိုသည် လူအရင်းအမြစ်များထက် သယံဇာတရင်းမြစ်များ ပိုမိုကြွယ်ဝသည်။

သစ်တင်ပို့မှုများ၊ ရွှေနှင့် ကြေးနီတွင်းထွက်များမှ ဝင်ငွေများရရှိမှုသည် တဖြည်းဖြည်း ကျဆင်းလာနေစဉ် လာအိုအစိုးရနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် လာအိုတွင် လျှပ်စစ်စွမ်းအင် ထောက်ပံ့ရန်နှင့် အိမ်နီးချင်းများထံ ရောင်းချရန် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ဒေါ်လာဘီလျံများစွာ သုံးစွဲခဲ့ကြသည်။

လတ်တလောတွင် လာအို၌ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၄၀၀ ထုတ်လုပ်ပေးနိုင်သော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၄၆ ခု လည်ပတ်နေပြီး နောက်ထပ် ၅၄ ရုံကို တည်ဆောက်နေကာ ၂၀၂၀ ပြည့်နှစ်မတိုင်မီ စတင်လည်ပတ်နိုင်ရန် ရည်မှန်းထားကြောင်း လာအိုသတင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဉ်များအတိုင်း လည်ပတ်ဖြစ်ပါက လာအိုသည် ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးအား တစ်နှစ်လုံးစာ ထောက်ပံ့ပေးနိုင်ရန် လုံလောက်သော လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၈၀၀၀ ကို နှစ်နှစ်တာအတွင်း ထုတ်လုပ်နိုင်ရန် လိုလားနေသည်။

ထို့ပြင် လာအိုသည် ၂၀၂၀ ပြည့်နှစ်မတိုင်မီ အနိမ့်ပိုင်းရောက် ဝင်ငွေအလယ်အလတ်နိုင်ငံအဖြစ်မှ တဖြည်းဖြည်း ရုန်းထွက်ပြီး လတ်တလော တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၂၄၅၇ ဒေါ်လာကို တိုးမြှင့်နိုင်ရန် ရည်မှန်းထားသည်။

လျှပ်စစ်ဓာတ်အားကို မည်သည့်နိုင်ငံများသို့ တင်ပို့သလဲ

လာအိုတွင် ထုတ်လုပ်ခဲ့သည့် လျှပ်စစ်အားလုံး၏ ၈၅ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် ထိုင်းသို့ရောက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ IEA က ထုတ်ပြန်ခဲ့သည်။ လာအိုတွင် ပြည်သူအားလုံး၏ ရာခိုင်နှုန်း ၉၀ နီးပါးသည် လျှပ်စစ်ဓာတ်အား ရရှိသော်လည်း ထောက်ပံ့မှုများသည် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဟာကွက်များ ရှိနေသည်။

ဒေသခံတွေကို အကျိုးအမြတ် ရှိစေသလား

အများစုကမူ အကျိုးအမြတ် ရှိသည်ဟု ယခုအချိန်အထိ ပြောနေကြသော်လည်း ဝင်ငွေများသည် ကျေးရွာအဆင့်အထိ မရောက်ရှိသေးပေ။ နိုင်ငံအချို့နှင့်မတူသည်မှာ လာအိုတွင် လျှပ်စစ်ဓာတ်အား တင်ပို့မှုမှ တစ်ဆင့်ရရှိသောဝင်ငွေ တစ်ရာခိုင်နှုန်းပင် ဒေသခံများထံ မရောက်ရှိသေးဘဲ ဒေသခံ အများအပြားသည် ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ထိခိုက်ခံစားနေရပြီဖြစ်သည်။

ဆည်များနှင့် စက်ရုံများ တည်ဆောက်ရန်အတွက် ရွာသားများသည် ပုံမှန်လိုလို နေရာရွှေ့ပြောင်း အခြေချနေရသည်။ မြစ်များတွင် ဆည်ဆောက်ခြင်းကြောင့် ငါးများ၏စားကျက်ကို အနှောင့်အယှက် ဖြစ်စေသည့်အပြင် မြစ်ရေစီးဆင်းမှု လမ်းကြောင်းပြောင်းခြင်းကြောင့် စိုက်ခင်းများအား ပျက်စီးစေခဲ့ကြောင်း လယ်သမားများကလည်း အပြစ်တင်ခဲ့ကြသည်။

ဒေသတွင်း၌ ဆည်များတည်ဆောက်မှုကြောင့် မဲခေါင်မြစ်ဝှမ်းမှ ငါးမျိုးစိတ်ရာခိုင်နှုန်း ၄၀ အထိအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း မဲခေါင်မြစ်ကော်မရှင်က ပြီးခဲ့သောဧပြီတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ခန့်မှန်းခဲ့သည်။

“စီမံကိန်းဒေသတွေမှာ နေထိုင်တဲ့ ဆင်းရဲသားတွေက ဒီဆည်တွေကြောင့် ဘဝတွေ ပိုပြီးမကောင်းလာဘဲ ပိုပြီးဆိုးရွားလာနေတယ်။ ဒေသခံတွေကို လျော်ကြေးတွေ စနစ်တကျ မပေးဘူး။ ပြီးတော့ ဝင်ငွေတွေ ရလာတဲ့အချိန်မှာလည်း သူတို့တွေဆီ မရောက်ဘူး” ဟုWisconsin-Madison တက္ကသိုလ်မှ ပထဝီဘာသာ လက်ထောက်ပါမောက္ခ Ian Baird က ထောက်ပြခဲ့သည်။

မည်သူတွေက အကျိုးအမြတ် ရရှိနေသလဲ

လာအိုအစိုးရသည် အိမ်နီးချင်းနိုင်ငံများထံ လျှပ်စစ်များရောင်းချပြီး ဝင်ငွေများ ရရှိနေသည်။ ရရှိသည့် ဝင်ငွေစာရင်းများကို တရားဝင် ထုတ်ပြန်လေ့ရှိသော်လည်း ထိုရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏အသုံးစရိတ်ထဲသို့ ဝင်ရောက်ခဲ့သည့်ပမာဏနှင့် တန်းတူမဖြစ်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အမှန်တကယ် ခံစားရမည့် အကျိုးခံစားမှုများကိုမူ ဆယ်စုနှစ်များစွာ စောင့်ဆိုင်းရဖွယ် ရှိနေသည်။

တရုတ် သို့မဟုတ် ထိုင်းမှအပါအဝင် ပြည်ပကုမ္ပဏီများကသာ အများအားဖြင့် တည်ဆောက် လည်ပတ်နေသည့် ရေအားလျှပ်စစ်စက်ရုံများအား လာအိုအစိုးရထံ အနှစ် ၂၀ သို့မဟုတ် ၃၀ အတွင်း လွဲှပေးရန် ကန်ထရိုက် သဘောတူညီချက် အများအပြားတွင် သတ်မှတ်ထားကြောင်း Australian National University ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာကောလိပ်မှ ကထိကဖြစ်သူ Keith Barney က ပြောခဲ့သည်။

Ref: AFP

Most Recent