အင်ဒိုနီးရှား၌ အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှား၌ အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံး
Published 30 July 2018

ဇူလိုင် ၂၉ ရက်က လွန်ဘော့ကျွန်းတွင် ငလျင်လှုပ်ခတ်သွားပြီးနောက် ပျက်စီးသွားခဲ့သည့် နေအိမ်များအား တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလာရောက်မှုများသော လွန်ဘော့ကျွန်း၌ ဇူလိုင် ၂၉ ရက်က အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းငလျင်ကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီဒဏ်ရာရသွားကာ ထောင် ပေါင်း များစွာသော နေအိမ်များ ပျက်စီးခဲ့ရသည်။ ဇူလိုင် ၂၉ ရက် နံနက်အစောပိုင်းက လွန်ဘော့ကျွန်းပေါ်တွင် ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိသော ဇောက်တိမ် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ကျွန်းအရှေ့ပိုင်းနှင့် အဓိက မြို့ မာတာရမ်တွင် ပြင်းထန်သည့်လှုပ်ခတ်မှု ကို ၁၀ စက္ကန့်ကြာ ခံစားလိုက်ရပြီးနောက် လူများမှာ ကြောက်လန့်တကြားဖြင့် အပြင်ဘက်တွင် ပြေးလွှားနေခဲ့ကြသည်။

လွန်ဘော့ကျွန်း၏ မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြီးဖြစ်ပွားခဲ့ပြီးနောက် အင်အားပြင်းငလျင်နှစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။ထို့ပြင် နောက်ဆက်တွဲ ငလျင်ကြိမ်ရေ ၁၂၀ ကျော်လည်း လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

နောက်ဆက်တွဲငလျင်များအနက် အားအပြင်းဆုံးမှာ ၅ ဒသမ ၇ အဆင့်ရှိခဲ့သည်။

ဒေသခံအရာရှိများကမူ သုံးရက်ကြာ အရေးပေါ်အခြေအနေကို ကြေညာထားခဲ့သည်။ “ငလျင်ကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရသူဦးရေ ရာနဲ့ချီရှိပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ အချက်အလက်တွေစုလို့ မပြီး သေးပါဘူး” ဟု အင်ဒိုနီးရှားသဘာဝဘေး ထိန်းချုပ်ရေးကိုင်တွယ်ရေးအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါဝိုနျူဂရိုဟိုက ပြောကြားခဲ့သည်။ သေဆုံးသူများတွင် မလေးရှား နိုင်ငံသားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

မြေပြိုမှုများကြောင့် ရင်ဂျာနီတောင်ရှိ နာမည်ကျော် ခြေလျင်တောင်တက်လမ်းကြောင်းများကို ပိတ်ထားခဲ့ရသည်။ “မနက်ကတည်းက ငလျင်တွေ လှုပ်နေတာဟာ လုံး၀ မရပ်သလောက် နီးနီးဖြစ်နေပါတယ်” ဟု လမ်းလျှောက်ခရီးစဉ်စီစဉ်သူတစ်ဦးက ဆို သည်။ ဒေသခံများသည် အလွန်ကြောက်ရွံ့ နေကြပြီး ငလျင်များ ထပ်မံလှုပ်ခတ် မည်စိုး သဖြင့် နေအိမ်များသို့ မပြန်ရဲကြကြောင်း သတင်းထောက်တစ်ဦးကလည်း ပြောကြား ခဲ့သည်။
ငလျင်ဗဟိုချက်မှာ လွန်ဘော့ကျွန်း၏ အဓိကမြို့ မာတာရမ်မှ အနောက်မြောက်ဘက် မိုင် ၃၀ အကွာတွင် ဖြစ်သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေး (USGS) မှ ထုတ်ပြန်ခဲ့သည်။ ငလျင်၏ဗဟိုချက်သည် ခရီးသွားအဓိကလာရောက်သည့် ကျွန်းတောင်ပိုင်း၊ အနောက်ပိုင်းနေရာများနှင့် ကွာဝေးသည်ဟု သိရသည်။

ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာတွင် တည်ရှိသော ခရီးသွားအပန်းဖြေကျွန်း ဘာလီတွင်လည်း လှုပ်ခတ်မှုများကို ခံစားခဲ့ရသည်ဟု သိရသည်။ သို့သော် လက်ရှိအချိန်အထိ ဘာလီ၌ မည်သည့် ထိခိုက်ပျက်စီးမှု သတင်းမျှ မရှိသေးပေ။ မည်သည့် ဆူနာမီ သတိပေးချက်မှလည်း ထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ကျွန်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားသည် မြေငလျင်လှုပ်ရှားမှုအဖြစ်များသော ပစိဖိတ်မီးကွင်းဟု ခေါ်သည့် နေရာပေါ်၌ တည်ရှိနေသည်။

၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားအနောက်ပိုင်း ဆူမတ်တြားကျွန်းကမ်းလွန် ပင်လယ်ပြင်၏ ရေအောက်တွင် ပြင်းအား ၉ ဒသမ ၃ အဆင့်ရှိသည့် ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီလှိုင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။ ယင်း ဖြစ်စဉ်အတွင်း အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ် နေသော နိုင်ငံများ၌ သေဆုံးသူ ၂၂၀,၀၀၀ ရှိခဲ့ပြီး အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာပင် သေဆုံးသူ ၁၆၈,၀၀၀ ရှိခဲ့သည်။

Most Read

Most Recent