တရုတ်၏ ရေတံခွန်မိုးမျှော်တိုက်ကြီး ပြည်တွင်းမှ သရော်လှောင်ပြောင်မှုများနှင့် ရင်ဆိုင်နေ၇

တရုတ်၏ ရေတံခွန်မိုးမျှော်တိုက်ကြီး ပြည်တွင်းမှ သရော်လှောင်ပြောင်မှုများနှင့် ရင်ဆိုင်နေ၇
Published 28 July 2018

ဇူလိုင် ၂၀ ရက်တွင် တရုတ်အနောက်တောင်ပိုင်း ကွေကျိုးပြည်နယ်၌ လူလုပ်ရေတံခွန်ပါဝင်သော အဆောက်အအုံအားတွေ့ရစဉ် (Photo: AFP)

ကမ္ဘာ့အကြီးဆုံးလူလုပ်ရေတံခွန်ကြီးဟု ပိုင်ရှင်ဖြစ်သူက ခေါ်ဆိုဂုဏ်ယူနေသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ မိုးမျှော်တိုက်ကြီးတစ်တိုက်သည် ပြည်တွင်းမှ လှောင်ပြောင် သရော်မှုများကို ရရှိခဲ့သည့်နောက်ဆုံး ဗိသုကာလက်ရာတစ်ခု ဖြစ်လာခဲ့သည်။

ကွေးယွမ်မြို့ရှိ မိုးမျှော်တိုက်ကြီးတစ်တိုက်၏မျက်နှာစာတွင် တဝုန်းဝုန်းကျဆင်းနေသော ၁၀၈ မီတာ (၃၅၀ ပေ) မြင့်သည့် ရေတံခွန်ကြီးတစ်ခုအား ထည့်သွင်းဆောက် လုပ်ထားခဲ့သည်။ သို့သော် ငွေကုန်ကြေးကျ အလွန်များနေခြင်းက အဆိုပါ အပြင်ဘက် ဒီဇိုင်းကြီး၏ ပြဿနာတစ်ခုဖြစ်နေကြောင်းကို ပြသနေသည်။

၁၂၁ မီတာမြင့်သော  Liebian International  မိုးမျှော်တိုက်ကြီးသည် ယခုအချိန်အထိ ဆောက်လုပ်ပြီးစီးခြင်း မရှိသေးသော်လည်း တိုက်၏မျက်နှာစာမှ ရေတံခွန်ကြီးမှာ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ပြီးနေခြင်း ဖြစ်သည်။ စတင်ပြီးစီးချိန်မှစပြီး ခြောက် ကြိမ်သာ ရေတံခွန်ကြီးကို ရေဖွင့်ခဲ့ဖူးသော်လည်း တစ်နာရီလျှင် ယွမ် ၈၀၀ (ဒေါ်လာ ၁၂၀) ကုန်ကျသဖြင့် အဆောက်အအုံပိုင်ရှင်တို့က ကုန်ကျစရိတ်များလွန်းသည်ဟု အပြစ်တင်နေကြသည်။

Ludi Industry Group က တည်ဆောက်သော ယင်းမိုးမျှော်တိုက်တွင် ရှော့ပင်းမောတစ်ခု၊ ရုံးခန်းများနှင့် ဇိမ်ခံဟိုတယ်တစ်ခု ပါဝင်မည်ဖြစ်သည်။ တိုက်ကြီး၏ အမှတ်သင်္ကေတဖြစ်သော ရေတံခွန်ကြီးအား စီဆင်းစေရန် ကြီးမားလှသော မြေ အောက်ရေတိုင်ကီကြီးများ၌ သိုလှောင်ထားသော ရေပိုရေလျှံ၊ မိုးရေ၊ မြေအောက်ရေတို့ ကို အသုံးပြုမည်ဖြစ်သည်။

ဆောက်လုပ်ရေးကုမ္ပဏီကမူ ထိုမိုး မျှော်တိုက်ကြီးသည် ဒေသ၏ ကျောက်ဆောင်ထူထပ်သော သဘောသဘာဝကို ဂါရဝပြု ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် တရုတ် အင်တာနက်အသုံးပြုသူများကမူ ယင်းစီမံကိန်းကြီးအား ငွေဖြုန်းတီးမှုဟု သရော် လှောင်ပြောင်နေကြသည်။

“လနည်းနည်းကြာတိုင်း တစ်ခါတစ်ခါ ဖွင့်ဖွင့်ပေးရင်တော့ ကုမ္ပဏီအနေနဲ့ ပြတင်းပေါက် ဆေးခကို သက်သာစေနိုင်တာပေါ့”  ဟု Twitter ကဲ့သို့ တရုတ်လူမှုမီဒီယာဖြစ်သည့် Weibo တွင် အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။ တရုတ်စီးပွားရေး လျင်မြန်စွာတိုးတက်မှုနှင့်အတူ နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းကြီးထွားမှုမှာလည်း အတူတကွ လိုက်ပါလာသည်။ သို့သော် ရံဖန်ရံခါတွင် မျက်စိနောက်စရာ ကိုရိုကားယားအဆောက်အအုံများမှာမူ ပြည်သူ့ဘဏ္ဍာ သို့မဟုတ် ရှယ်ယာရှင်များ၏ ငွေကို ဖြုန်းတီးခြင်းဟု လှောင်ပြောင် သရော်ခံရလေ့ရှိသည်။

ပေကျင်းတွင်ရှိသော တရုတ်ဗဟိုရုပ်သံဌာနချုပ်အဆောက်အအုံ၏ ခေတ်ရှေ့ပြေးသော ဒီဇိုင်းသည်  နာမည်ပြောင်အဖြစ် 'အတွင်းခံကြီး' ဟု ခေါ်ဆိုခံနေရသည်။  ထိုအတူ People's Daily သတင်းစာတိုက်၏ ပုံစံသည် ဆောက်လုပ်ဆဲကာလအတွင်း  ယောကျာ်းလိင်အင်္ဂါနှင့်တူသည်ဟု အပြောခံရပြီး ရေအရင်းမြစ်တက္ကသိုလ်တစ်ခု၏ ပုံစံမှာလည်း အိမ်သာကြီးနှင့်တူသည်ဟု တရုတ် လူမှုမီဒီယာပေါ်တွင် ပြောခံခဲ့ကြရသည်။

Most Read

Most Recent