အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မဲဆွယ်မှုများအပြီး ပါကစ္စတန်ရွေးကောက်ပွဲကို ကျင်းပ

အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မဲဆွယ်မှုများအပြီး ပါကစ္စတန်ရွေးကောက်ပွဲကို ကျင်းပ
Published 26 July 2018

ပါကစ္စတန်ရွေးကောက်ပွဲနေ့ ဇူလိုင် ၂၅ ရက်က ကွေတာမြို့ ရှိ မဲရုံအနီး၌ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေမှုကို တွေ့ရစဉ် (Photo: AFP)

စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် လူသေဆုံးမှုရှိသော တိုက်ခိုက်မှုများ တစ်သီတစ်သန်း ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲမဲဆွယ်မှုများအပြီး ပါကစ္စတန်တွင် ခရစ်ကတ်ကစားသမားအဖြစ်မှ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲခဲ့သည့် အီမရန်ခန်းက အနိုင်ရနိုင်သည့် ရွေးကောက်ပွဲကို ဇူလိုင် ၂၅ ရက်တွင် ကျင်းပခဲ့သည်။

နိုင်ငံ၏ သမိုင်းတစ်လျှောက် အကြမ်းဖျင်းအားဖြင့် အချိန်ကာလ ထက်ဝက်ခန့်ကို သြဇာကြီးစစ်တပ်က လွှမ်းမိုးချုပ်ကိုင်ခဲ့သည့် နျူကလီးယားလက်နက်ပိုင်ဆိုင်သော ပါကစ္စတန်တွင် တင်းမာမှုရှိပြီး အတိအကျ မခန့်မှန်းနိုင်သော ထိုရွေးကောက်ပွဲသည် ရှားရှားပါးပါး ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းပေးမှု ဖြစ်လာမည်ဖြစ်သည်။ သို့သော် ခန်းအား အကျိုးအမြတ် ရရှိစေနိုင်သည်ဟု ယူဆထားသော ရွေးကောက်ပွဲမတိုင်မီ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သောကြောင့် ယခုရွေးကောက်ပွဲသည် ပါကစ္စတန်၏ အညစ်ထေးဆုံး ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခံရသည်။

ယခုရွေးကောက်ပွဲတွင် ခန်း၏ Pakistan Tehreek-e-Insaf (PTI) ၏ ပါတီနှင့် ရာထူးမှ ဖယ်ရှားခံရသော ဝန်ကြီးချုပ် နဝပ်ရှရစ်၏ Pakistan Muslim League-Nawaz (PML-N) ပါတီတို့အကြား အဓိက ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (PML-N) ပါတီကို ရှရစ်၏ ညီဖြစ်သူ ရှာဘတ်က ဦးဆောင်နေသည်။

ရွေးကောက်ပွဲမဲဆွယ်မှု နောက်ဆုံးသီတင်းပတ်များအတွင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး ကိုယ်စားလှယ်လောင်း သုံးဦးအပါအဝင် လူ ၁၈၀ ကျော် သေဆုံးခဲ့ရမှုကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွေးကောက်ပွဲ လုံခြုံရေးအတွက် နိုင်ငံတစ်ဝန်းတွင် ရဲနှင့် စစ်သား ၈၀၀,၀၀၀ အထိကို ချထားခဲ့သည်။

ခန်းသည် အကျင့်ပျက်ခြစားမှုအား အမြစ်ဖြတ်နှိမ်နင်းရန်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို သန့်ရှင်းရန်၊ အစ္စလာမ္မစ် လူမှုဖူလုံရေး နိုင်ငံကို ထူထောင်ရန် ကြိုးစားသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော် သြဇာကြီးစစ်ဘက်၏ ထောက်ခံမှုရရှိပြီး ခန်းသည် အကျိုးအမြတ် ရရှိနေကြောင်း စွပ်စွဲခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရသည်။

ဗိုလ်ချုပ်များက အသံတိတ် အာဏာသိမ်းလိုက်သည်ဟု မီဒီယာများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်အဖွဲ့များ၏ စွပ်စွဲချက်များကို စစ်ဘက်က ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဖြေရှင်းခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပသည့် ဇူလိုင် ၂၅ ရက်တွင် နိုင်ငံအနောက်တောင်ပိုင်းရှိ ကွေတာမြို့မှ မဲရုံတစ်ရုံတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ လူ ၃၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ “ဗုံးခွဲသမားဟာ မဲရုံထဲကိုဝင်ဖို့ လုပ်နေတာပါ။ အဲဒီအချိန်မှာ ရဲတွေက တားကြတော့ သူက ဖောက်ခွဲလိုက်တာပါ” ဟု ကွေတာမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေသည် ၃၀ အထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ဦးရေမှာလည်း ၃၀ ကျော်ရှိသည်။ ယခုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကွေတာမြို့ရှိရာ ဘာလိုချစ္စတန်မြို့သည် ပါကစ္စတန်နိုင်ငံ၏ အဆင်းရဲဆုံးနှင့် တည်ငြိမ်မှုမရှိဆုံး ပြည်နယ်တစ်ခု ဖြစ်နေသည်။ ပါကစ္စတန်ရွေးကောက်ပွဲ၏ တိုတောင်းသော မဲဆွယ်စည်းရုံးရေးကာလ တစ်လျှောက်တွင် အကြမ်းဖက် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။ ယင်းတို့ထဲမှ တစ်ခုမှာ ယခုလအတွင်း နိုင်ငံရေးစုဝေးပွဲတစ်ခုအတွင်း IS က တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၅၃ ဦး ရှိခဲ့သည်။

Ref: AFP

Most Read

Most Recent