ဗင်နီဇွဲလား ငွေကြေးဖောင်းပွမှုနှုန်း နှစ်မကုန်မီ ရာခိုင်နှုန်း တစ်သန်းအထိ ရောက်ရှိလာနိုင်ဟု IMF ခန့်မှန်း

ဗင်နီဇွဲလား ငွေကြေးဖောင်းပွမှုနှုန်း နှစ်မကုန်မီ ရာခိုင်နှုန်း တစ်သန်းအထိ ရောက်ရှိလာနိုင်ဟု IMF ခန့်မှန်း
Published 25 July 2018

ဖေဖော်ဝါရီ ၇ ရက်တွင် မြို့တော် ကာရာကက်၌ ငွေစက္ကူများအား ကိုင်ထားသည့် ဗင်နီဇွဲလား အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (Photo - AP)

ဘဏ္ဍာရေးအကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုရေးရာ အကျပ်အတည်းတို့ ရင်ဆိုင်နေရသော ဗင်နီဇွဲလားသည် မကြုံစဖူးငွေကြေး ဖောင်းပွမှုနှုန်းကို ရင်ဆိုင်ရဖွယ်ရှိပြီး ၂၀၁၈ ခုနှစ် မကုန်မီတွင် ရာခိုင်နှုန်း တစ်သန်းအထိ စံချိန်တင်မြင့်တက်ဖွယ်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလား စီးပွားရေးပြိုလဲမှုသည် အိမ်နီးချင်းနိုင်ငံများအထိ ရိုက်ခတ်လာနိုင်ကြောင်း လက်တင်အမေရိက စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာတွင် IMF က ပြောကြားခဲ့သည်။

“ဗင်နီဇွဲလား ငွေကြေးဖောင်းပွနှုန်းဟာ ၂၀၁၈ ခုနှစ် မကုန်မီမှာ ၁၀၀၀၀၀၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ အဲဒီအခြေအနေက ၁၉၂၃ မှာ ဂျာမနီ ကြုံခဲ့ရတဲ့ အခြေအနေ နဲ့ ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းတွေမှာ ဇင်ဘာဘွေကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ အလားတူ ဖြစ်နေပါတယ်” ဟု IMF  ၏ Western Hemisphere ဌာနမှ ဥက္ကဋ္ဌ အလက်ဇန်ဒရိုဝါနာက ပြောကြားခဲ့သည်။

ပထမကမ္ဘာစစ်က ဂျာမန်စီးပွားရေးကို ပျက်စီးစေခဲ့ပြီး စစ်မဖြစ်မီက တစ်ဒေါ်လာ ဂျာမန်မတ်ငွေ ၄ ဒသမ ၂ ရှိခဲ့ရာမှ ၁၉၂၃ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ဂျာမန်မတ်ငွေ  ၄ ဒသမ ၂ ထရီလျံအထိ ဈေးကျဆင်းခဲ့သည်။ ဇင်ဘာဘွေသည်လည်း မူဂါဘီလက်ထက်တွင် တစ်ဒေါ်လာလျှင် ဇင်ဘာဘွေဒေါ်လာ ၁၀၀ ထရီလျံအထိ ရောက်ရှိခဲ့သည်။

ဗင်နီဇွဲလား စီးပွားရေးသည် ယခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းထားပြီး  ၁၀ ရာခိုင်နှုန်းအထက် စီးပွားရေး ကျဆင်းမှုကို သုံးနှစ်ဆက်တိုက်ကြုံရခြင်းဖြစ်ကြောင်း ဝါနာက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလား စီးပွားရေးပြိုလဲမှုကြောင့် နိုင်ငံသားများ အကျပ်အတည်းမှ ထွက်ပြေးခြင်း၊ ကျန်ရှိနေသူများက စားနပ်ရိက္ခာနှင့် ဆေးဝါးမလုံလောက်မှုတို့ကြောင့် ကျန်းမာရေးကျဆင်းလာခြင်းတို့ကို ရင်ဆိုင်နေရသည်။ အစိုးရဘဏ္ဍာငွေကို ဖြည့်ဆည်းရန်အတွက် ငွေစက္ကူရိုက်ထုတ်ခြင်း အပါအဝင် ဗင်နီဇွဲလား၏ မူဝါဒများကြောင့် စီးပွားရေး ယိုင်ရွဲ့ခဲ့ရခြင်းဖြစ်ကြောင်း ဝါနာက ထောက်ပြခဲ့သည်။ ရေနံကို အဓိကထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ဗင်နီဇွဲလားသည် ဇွန်လက တစ်ရက်လျှင် စည် ၁ ဒသမ ၅ သန်း ထုတ်လုပ်ခဲ့ပြီး နှစ် ၃၀ အတွင်းအနိမ့်ဆုံး ထုတ်လုပ်မှုဖြစ်ခဲ့ကြောင်း အိုပက်၏ စာရင်းအင်းများက ဖော်ပြသည်။

တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားသည် ဝင်ငွေ၏ ၉၆ ရာခိုင်နှုန်းကို ရေနံရောင်း ချမှုမှရရှိသော်လည်း သမ္မတ နီကိုလက်မာ ဒူရိုလက်ထက်တွင် နိုင်ငံခြားဝင်ငွေမရရှိခြင်းကြောင့် စီးပွားရေး ကျဆင်းခဲ့ရသည်။ ဗင်နီဇွဲလား၏ ပြိုလဲမှုက လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသ၏ တိုးတက်မှုကိုပါ  ကျဆင်းစေခဲ့ပြီး ယခုနှစ်တွင် ယင်းဒေသများသည် ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ နှေးကွေးသွားမည်ဖြစ်ကြောင်း IMF က ခန့်မှန်းခဲ့သည်။ ဗင်နီဇွဲလား မပါပါက လက်တင်အမေရိကနှင့် ကာရစ်ဘီယံတိုးတက်မှုသည် ယခုနှစ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း IMF က ခန့်မှန်းခဲ့သည်။

Ref ; AFP

Most Read

Most Recent