ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးစစ်ပွဲကို မဆုတ်မနစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြု

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးစစ်ပွဲကို မဆုတ်မနစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြု
Published 25 July 2018

ဇူလိုင် ၂၃ ရက်တွင် မနီလာရှိ ကွန်ဂရက်၌ နိုင်ငံတော်မိန့်ခွန်းပြောကြားပြီးနောက် သမ္မတဒူတာတေးနှင့် ထောက်ခံသူများ Selfie ဓာတ်ပုံရိုက်ကူးနေစဉ် (Photo - AFP)

လူထောင်ပေါင်းများစွာကို သေစေခဲ့သော မူးယစ်ဆေးစစ်ပွဲကို ဖိဖိစီးစီး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဇူလိုင် ၂၃ ရက် တွင် ကတိပြုခဲ့ပြီး ၎င်း၏ သင်္ကေတဖြစ်နေသော ထိုမူးယစ်ဆေးစစ်ပွဲအား ဝေဖန်သူများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ဒူတာတေးသည် ၎င်း၏နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်း၏ အဖွင့်မှာပင် မူးယစ်ဆေးဝါးနှိမ်နင်းမှုများနှင့် ပတ်သက်၍ ကာကွယ်ပြောကြားခဲ့ခြင်း ဖြစ်သည်။ သုံးနှစ်ထဲသို့ဝင်လာပြီဖြစ်သော ဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲအား နိုင်ငံတကာစောင့်ကြည့်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်နေကြသော်လည်း ပြည်တွင်း၌မူ လူအများအပြား၏ ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ မူးယစ်ဆေးစစ်ပွဲက ပြီးဆုံးဖို့ အများကြီးလိုပါသေးတယ်။ ဒီစစ်ပွဲဟာ ပထမဆုံးစစချင်းနေ့ ကလိုပဲ မဆုတ်မနစ်နဲ့ ကျောချမ်းစရာ ကောင်းနေဦးမှာပဲ ဖြစ်ပါတယ်” ဟု ဒူတာတေးက ရာပေါင်းများစွာသော ဥပဒေပြုအမတ်များ၊ ထင်ရှားကျော်ကြားသူများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များကို ပြောကြားခဲ့သည်။

ဒူတာတေးသည် ၎င်းအာဏာရလာခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လကတည်းက မူးယစ်ဆေးဝါးနှိမ်နင်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစပြီး ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးများအတွင်း အသတ်ခံခဲ့ရသည့် မူးယစ်ဆေးအသုံးပြုသူနှင့် ရောင်းဝယ်သူဟု သံသယရှိသူ ၄၃၅၄ ဦးရှိပြီဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။ သို့သော် အမှန်တကယ် အသတ်ခံခဲ့ရသူအရေအတွက်သည် ယင်းထက်သုံးဆထက်မနည်း ပိုများသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ဝေဖန်သူများက ပြောကြားခဲ့ကြပြီး ယင်းသတ်ဖြတ်မှုများသည် လူသားချင်း စာနာမှုကိုဆန့်ကျင်သော ရာဇဝတ်မှုများဖြစ်နေပြီဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

“ခင်ဗျားတို့ရဲ့ ဆန္ဒပြမှု၊ ကန့်ကွက်မှုတွေကြောင့် ကျွန်တော်က ဒီတိုက်ပွဲကိုဆက် မလုပ်တော့ဘူး ပြောမယ်လို့ ထင်တယ်ဆိုရင်တော့ ခင်ဗျားတို့ လုံးဝမှားသွားပါပြီ။ ခင်ဗျားတို့ စိတ်ပူတာက လူ့အခွင့်အရေးပါ။ ကျွန်တော်စိတ်ပူတာက လူ့အသက်တွေပါ” ဟု ဒူတာတေးက ဆက်လက်ပြောကြားခဲ့သည်။

ဒူတာတေးက ယခုကဲ့သို့ နိုင်ငံတော် မိန့်ခွန်းပြောကြားနေစဉ်မှာပင် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဒူတာတေး အစိုးရ၏ မူဝါဒများ၊ မူးယစ်ဆေးစစ်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရေးရန် အစီအစဉ်တို့အား ကန့်ကွက်ရန် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် သမ္မတ၏ပုံတူများကို မီးရှို့ခြင်း၊ လုပ်ခလစာများတိုးမြှင့်ရန်၊ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာခြင်းမှ လွတ်မြောက်နိုင်ရန် တောင်းဆိုခဲ့ကြသည်။

တစ်ဖက်တွင်လည်း လွှတ်တော်ထဲ၌ နိုင်ငံရေးခွက်စောင်းခုတ်မှုများကြောင့် နိုင်ငံထဲမှ မွတ်စလင်လူနည်းစုများ ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ဥပဒေကိုအတည်ပြုရေးမှာ နှောင့်နှေးလျက်ရှိသည်။

လပေါင်းများစွာဆွေးနွေးမှုများ၊ ငြင်းခုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုဥပဒေမူကြမ်းသည် လွှတ်တော်တွင် အတည်ပြုပြီး ဒူတာတေးက လက်မှတ်ထိုးရန်သာရှိတော့သည်။ သို့သော် အောက်လွှတ်တော် ဥက္ကဋ္ဌနေရာကို ရရန်ကြိုးပမ်းမှုများကြောင့် ဥပဒေအား အတည်ပြုရေးမှာ နှောင့်နှေးနေသည်။ ဒူတာတေးကမူ ယင်းဥပဒေကြမ်း အတည်ပြုရေးသည် ရှေ့ဆက်သွားနေသည်ဟု ကတိပြုခဲ့သည်။

ထိုဥပဒေကြမ်းသည် နိုင်ငံ၏ အကြီးဆုံး အစ္စလာမ္မစ်သူပုန်အဖွဲ့ မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦးနှင့် ငြိမ်းချမ်းရေး သဘောတူချက်ချုပ်ဆိုရာတွင် လိုအပ်နေသည့် အဓိကအချက်ဖြစ်သည်။

Ref ; AFP

Most Read

Most Recent