လာအိုတွင် ရေအားလျှပ်စစ်ထုတ်သည့်ဆည် ကျိုးခဲ့ပြီးနောက် လူရာနှင့်ချီ ပျောက်ဆုံးနေ

လာအိုတွင် ရေအားလျှပ်စစ်ထုတ်သည့်ဆည် ကျိုးခဲ့ပြီးနောက် လူရာနှင့်ချီ ပျောက်ဆုံးနေ
Published 25 July 2018

Photo : AFP

လာအိုအရှေ့တောင်ပိုင်းတွင် ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်တစ်ခု ကျိုးပေါက်ခဲ့ပြီးနောက် လူရာနှင့်ချီ ပျောက်ဆုံးနေပြီး သေဆုံးသူ အရေအတွက်ကို မသိရှိရသေးဟု အစိုးရ မီဒီယာက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆင်းရဲသည့် ကုန်းတွင်းပိတ် ကွန်မြူနစ်နိုင်ငံ လာအိုတွင် ဆည်များစွာ ဆောက်လုပ်ခြင်း (သို့မဟုတ်) ဆောက်လုပ်ရန် စီစဉ်ထားပြီး  နိုင်ငံ၏ ရေအားလျှပ်စစ်များကို ထိုင်းကဲ့သို့သော အိမ်နီးချင်းနိုင်ငံများကို ဖြန့်ဖြူးခဲ့သည်။

ဇူလိုင် ၂၃ ရက်နှောင်းပိုင်းတွင် အရှေ့တောင်ပိုင်း Attapeu ပြည်နယ် Sanamxay ခရိုင်ရှိ ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်တစ်ခု ကျိုးပေါက်ခဲ့ပြီး ရေကုဗမီတာ ငါးဘီလျံခန့် (အိုလံပစ်ရေကူးကန် နှစ်သန်းကျော်) ထွက်ရှိလာသည်ဟု လာအိုသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူများစွာ သေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေကြောင်း၊ ခရိုင်တောင်ပိုင်းရှိ အိမ်ခြေများစွာ ရေစီးနှင့် မျောပါခဲ့ပြီး လူ ၆,၆၀၀ ခန့် အိမ်ခြေမဲ့ ဖြစ်ခဲ့ကြောင်း လာအိုသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

“လူဘယ်လောက် သေဆုံးတယ်၊ ဘယ်လောက် ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းအချက်အလက်ကို အခုထိ မရသေးဘူး။ ရေကြီးမှု ဖြစ်နေတဲ့ဒေသမှာ ဖုန်းအဆက်အသွယ်လည်း မရတော့ဘူး” ဟု Attapeu  ပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေကြီးမှု ဖြစ်ပွားနေသည့်ဒေသသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်းနှင့် အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် ယင်းဆည်သည် ၂၀၁၂ ခုနှစ်တွင် အကျိုးတူ ထူထောင်ခဲ့သည့် ဗီယန်ကျင်းအခြေစိုက် Xe Pian Xe Namnoy Power Company (PNPC) ၏ စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းစီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီများထဲတွင် ထိုင်းနိုင်ငံ၏ Ratchaburi Electricity Generating Holding၊ တောင်ကိုရီးယားနိုင်ငံ၏ Korea Western Power နှင့် အစိုးရပိုင် Lao Holding State Enterprise တို့ပါဝင်သည်ဟု လာအိုသတင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ၇၇၀ မီတာရှည်သည့် အရန်ဆည် အသုံးပြုသည့် မြစ်ရေလွှဲမှု ယိုယွင်းခဲ့ကြောင်း ရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်သည့် ထိုင်းကုမ္ပဏီတစ်ခုက အတည်ပြုခဲ့သည်။

“အဆက်မပြတ်ရွာတဲ့ မိုးသက်မုန်တိုင်းကြောင့် ဆည်ရဲ့ရေလှောင်ကန်ထဲကို ရေထုထည်အများကြီးဝင်လို့ ဆည်ကျိုးခဲ့တယ်” ဟု Ratchaburi Electricity Generating Holding က ထုတ်ပြန်ခဲ့သည်။

၄၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ယင်းဆည်ကို၂၀၁၉ ခုနှစ်တွင် စီးပွားဖြစ်လည်ပတ်မှု စတင်ရန် ရည်ရွယ်ထားကြောင်း PNPC ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။

အိမ်နီးချင်းနိုင်ငံများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးသည့် လာအိုရှိ ဆည်စီမံကိန်းများက သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုနှင့် ဒေသခံများအပေါ် ထိခိုက်မှု ဖြစ်စေမည့် စိုးရိမ်မှုများကြောင့် ကာလကြာ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

Ref : AFP