<

ပါကစ္စတန် ခရစ်ကတ် ကစားသမားဟောင်းများက အီမရမ်ခန်းကို ထောက်ခံ

ဇူလိုင် ၂၂ ရက်တွင် ကရာချိမြို့၌ ပါကစ္စတန် ခရစ်ကတ် ကစားသမားဟောင်း အီမရမ်ခန်းက မဲဆွယ်မိန့်ခွန်း ပြောကြားနေစဉ် (Photo: AFP)

ပါကစ္စတန်နိုင်ငံတွင် ဇူလိုင် ၂၅ ရက် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြစဉ် ခရစ်ကတ် ကစားသမားဘ၀မှ နိုင်ငံရေးသမား ဖြစ်လာသော အီမရမ်ခန်းကို အထင်ကရ ပါကစ္စတန် ခရစ်ကတ် ကစားသမားဟောင်းများက ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“သင့်ရဲ့ဦးဆောင်မှုကြောင့် ကျွန်တော်တို့တစ်တွေ ၁၉၉၂ ခုနှစ်က ကမ္ဘာ့ချန်ပီယံတွေ ဖြစ်ခဲ့ကြတယ်။ သင့်ရဲ့ဦးဆောင်မှုကြောင့်ပဲ ကျွန်တော်တို့နိုင်ငံဟာ ကြီးကျယ်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်” ဟု ၀ါဆင်အခရမ်က အီမရမ်ခန်းကို ရည်ညွှန်းပြီး Twitter တွင် ရေးသားခဲ့သည်။

“သင့်မှာရှိတဲ့ ရိုးသားမှုကို ဘယ်သူကမှ သံသယ မ၀င်ပါဘူး။ အဲသလိုရိုးသားတဲ့ ခေါင်းဆောင်ကိုပဲ ကျွန်တော်တို့နိုင်ငံက လိုအပ်နေတာပါ” ဟု အသင်းခေါင်းဆောင်ဟောင်း ၀ါကာယူနွတ်ကလည်း ဂုဏ်ပြုရေးသားခဲ့သည်။

အီမရမ်ခန်းကို ထင်ရှား ကျော်ကြားသူများ၊ ခရစ်ကတ် ကစားသမားဟောင်းများက ထောက်ခံလာကြစဉ် Behind You Skipper သည် ပါကစ္စတန်မှ Twitter အသုံးပြုသူများကြားတွင် အကျော်ကြားဆုံး Hashtags များထဲမှ တစ်ခုဖြစ်သည်။

အီမရမ်ခန်းကို ကမ္ဘာ့ဖလား ခရစ်ကတ် ချန်ပီယံသမား တစ်ဦးအနေဖြင့် ကမ္ဘာတစ်လွှားက သိရှိကြသည့်အပြင် ၎င်းအား နာမည်ကြီး ပလေးဘွိုင်းတစ်ဦး အနေဖြင့်လည်း သိကြသည်။ လက်ရှိတွင်မူ အီမရမ်ခန်းသည် လူကြိုက်များရေးဝါဒီ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ ခြစားမှုဆန့်ကျင်ရေး တော်လှန်ရေးသမား တစ်ဦးအဖြစ် ရွေးကောက်ပွဲ ၀င်ပြိုင်တော့မည် ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကတည်းက နိုင်ငံရေးလောကသို့ ၀င်ရောက်ခဲ့သော ခန်းအတွက် ၀န်ကြီးချုပ်ဖြစ်ရန် အခွင့်အရေးသည် ၎င်း၏ နိုင်ငံရေးသက်တမ်း တစ်လျှောက် ယခုလာမည့် ဇူလိုင် ၂၅ ရက် ရွေးကောက်ပွဲ၌ အကောင်းဆုံးဖြစ်နေသည်။ ခန်း၏ PTI ပါတီသည်လည်း နိုင်ငံနှင့်အ၀ှမ်း ကောက်ယူခဲ့သည့် မကြာသေးမီက လူထုသဘောထား စစ်တမ်းများအတွင်း ထောက်ခံမှုများ မြင့်တက်နေသည်။ လာမည့် ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်ဟောင်း န၀ပ်ရှရစ်၏ PML-N ပါတီသည် အီမရမ်ခန်း၏ PTI ပါတီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

■ ထောင်ကျနေသော ၀န်ကြီးချုပ်ဟောင်း ရှရစ်၏ ကျန်းမာရေး ဆိုးရွားလာ

ထိုစဉ် ထောင်ဒဏ် ကျခံနေရသော ၀န်ကြီးချုပ်ဟောင်း န၀ပ်ရှရစ်သည် သွေးတိုးရောဂါကို ခံစားနေရပြီး ၎င်း၏ သီးသန့် ဆရာဝန်နှင့်လည်း တွေ့ခွင့်မရဟု ၎င်း၏ ပါတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အရင်ကတည်းက နှလုံးရောဂါရှိတဲ့ န၀ပ်ရှရစ်ဟာ ဇူလိုင် ၂၁ ရက်ကစပြီး သွေးတက်ကာ နေထိုင်မကောင်း ဖြစ်လာပါတယ်” ဟု ရှရစ်၏ PML-N ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။ ရှရစ်ရှိနေသော ရာဝါပင်ဒီ မှ အကျဉ်းထောင် အရာရှိများနှင့် ဆက်သွယ်မေးမြန်း၍ မရနိုင်ဖြစ်နေသည်။ သို့သော် အစိုးရကမူ ရှရစ်ကို ဆေးစစ်ပေးရန် ဆရာဝန်အဖွဲ့ တစ်ဖွဲ့ ဖွဲ့ရန် စီစဉ်နေသည်။

ခြစားမှုစွဲချက်ဖြင့် မျက်ကွယ် ထောင်ဒဏ် ၁၀ နှစ် ချခံထားရသော ရှရှစ်သည် ပြဿနာပတ်လည် ၀ိုင်းနေသည့် ၎င်း၏ ပါတီကို ကယ်တင်ရန်အတွက် ပြည်ပမှနေရပ်သို့ ပြန်လာပြီး ထောင်ဒဏ်နှင့် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

July 23, 2018














Copy Protected by Chetan's WP-Copyprotect.