အီရန်၏ စစ်ပွဲ သတိပေးချက်အား ထရန့်က ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်

အီရန်၏ စစ်ပွဲ သတိပေးချက်အား ထရန့်က ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်
Published 24 July 2018

ဇူလိုင် ၂၂ ရက်က နယူးဂျာစီပြည်နယ် မော်ရက်စ်တောင်းလေဆိပ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်က အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်အား ဝေဖန်တိုက်ခိုက်မှုကို အရှိန်မြှင့်တင်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်သမ္မတ၏ စစ်ပွဲဆိုင်ရာ မှတ်ချက်များအား ဇူလိုင် ၂၂ ရက်တွင် ပြန်လည် တုံ့ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုအား မည်သည့်အခါမျှ မခြိမ်းခြောက်ရန် သို့မဟုတ်ပါက သမိုင်းတစ်လျှောက်လုံးတွင် ထိခိုက် ခံစားခဲ့ရသူများကဲ့သို့ပင် ၎င်းတို့လည်း နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလိမ့်မည် ဖြစ်ကြောင်း ထရန့်က အီရန်သမ္မတ ဟက်ဆန်ရိုဟာနီအား တိုက်ရိုက် ရည်ရွယ်၍ Twitter တွင် ရေးသား သတိပေးခဲ့သည်။

ထရန့်သည် ခြင်္သေ့အမြီးနှင့် မကစားရန် ရိုဟာနီက ဇူလိုင် ၂၂ ရက် အစောပိုင်းတွင် သတိပေးခဲ့ပြီး အီရန်နှင့် ပဋိပက္ခသည် စစ်ပွဲအားလုံး၏ မိခင်ဖြစ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် Twitter တွင် တန်ပြန် သတိပေးချက် တစ်ခုလုံးအား စာလုံးကြီးများဖြင့်သာ ရေးသားခဲ့ပြီး ထပ်မံ တင်ခဲ့မှုတွင် အမေရိကန်သည် ၎င်း၏ အကြမ်းဖက်မှုနှင့် သေဆုံးမှုဆိုင်ရာ ရူးနှမ်းသော စကားများကို သည်းခံသည့်နိုင်ငံ မဟုတ်တော့ကြောင်း၊ သတိထားစေလိုကြောင်း အီရန်ကို ရည်ရွယ်၍ ရေးသားခဲ့သည်။

အီရန်အစိုးရ ထိပ်တန်း တာဝန်ရှိသူများအား ပိတ်ဆို့ အရေးယူမှုပြုလုပ်ရန် ဝါရှင်တန်က တွန့်ဆုတ်နေခြင်း မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇူလိုင် ၂၂ ရက် ညတွင် ကယ်လီဖိုးနီးယားတွင် ပြည်ပရောက် အီရန်နိုင်ငံသားများ အစုအဝေးအား အဓိက မိန့်ခွန်းပြောကြားမှု၌ သတိပေးခဲ့ပြီးနောက် ထရန့်၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သော အီရန်နျူကလီးယား အစီအစဉ်ဆိုင်ရာ သဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သော တင်းမာသည့် ရပ်တည်ချက်တွင် အီရန်သည် ပဲ့ထိန်းဒုံး စီမံကိန်းများ၊ ယီမင်မှသည် ဆီးရီးယားအထိ ဒေသဆိုင်ရာ ပဋိပက္ခများတွင် ဝင်ရောက် စွက်ဖက်မှုများအား အဆုံးသတ်လျှင် အမေရိကန်က ပိတ်ဆို့ အရေးယူမှုသစ်များ ချမှတ်မှုမှ ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။ အမေရိကန်၏ ထိုခြိမ်းခြောက်မှုအား ရိုဟာနီက ဇူလိုင် ၂၂ ရက်တွင် ချက်ချင်း ပယ်ချခဲ့ပြီး အမေရိကန်သည် အီရန်ပြည်သူများ၏ ကိုယ်ပိုင်လုံခြုံရေးနှင့် အကျိုးစီးပွားများအား ရန်စ၍ မရကြောင်း သတိပေးခဲ့သည်။

ပွန်ပီယို၏ မိန့်ခွန်း မပြောကြားမီ ရိုဟာနီက အီရန်သည် ရေနံတင်ပို့သည့် အလွန်အမင်း အရေးပါသော အပြည်ပြည်ဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်သည့် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်နိုင်ကြောင်း ရုပ်သံမိန့်ခွန်းတွင် သတိပေးခဲ့သည်။ အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီကလည်း အမေရိကန်၏ စကားများ၊ ၎င်းတို့၏ အပြုအမူများသည် ယုံကြည်၍ မရသဖြင့် အမေရိကန်နှင့် ညှိနှိုင်းမှုများသည် အသုံးမဝင်ကြောင်း ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်သည် နိုင်ငံအားလုံးအား အီရန်သို့ ရေနံတင်ပို့မှုများကို နိုဝင်ဘာ ၄ ရက် မတိုင်မီ သုည အနေအထားအထိ လျှော့ချရန် တိုက်တွန်းလိုကြောင်း၊ မလိုက်နာပါက အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ပွန်ပီယိုက သတိပေးခဲ့သည်။

Most Read

Most Recent