ဂျပန်တွင် အပူလှိုင်း ကျရောက်မှုကြောင့် လူ ၃၀ နီးပါး သေဆုံးပြီး ၁၂,၀၀၀ ခန့် ဆေးရုံတင်ခဲ့ရ

ဂျပန်တွင် အပူလှိုင်း ကျရောက်မှုကြောင့် လူ ၃၀ နီးပါး သေဆုံးပြီး ၁၂,၀၀၀ ခန့် ဆေးရုံတင်ခဲ့ရ
Published 23 July 2018

ဂျပန်နိုင်ငံတွင် အပူချိန်များ မြင့်တက်နေစဉ် ဇူလိုင် ၂၂ ရက်က တိုကျိုရှိ ပင်လယ်ကမ်းခြေ တစ်ခုတွင် မိသားစုများ ရေကစားနေကြပုံ (Photo : AFP)

ဂျပန်နိုင်ငံတွင် ပြင်းထန်သော အပူလှိုင်း ကျရောက်မှုကြောင့် ဇူလိုင်လ၏ ပထမ သီတင်းနှစ်ပတ် အတွင်း လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁၂၀၀၀ ကျော်ကို ဆေးရုံသို့ ပိ့ုခဲ့ရသည်ဟု အစိုးရ အချက်အလက်များအရ သိရသည်။ ဇူလိုင် ၂၂ ရက်တွင်မူ မြို့အများအပြား၌ အပူချိန်သည် ၄၀ ဒီဂရီဆဲစီးယပ်စ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) နီးပါးအထိ ရှိနေခဲ့သည်။

ကျိုဒိုသတင်းဌာန၌ ဖော်ပြမှုအရ ဇူလိုင် ၂၁ ရက် တစ်နေ့တည်းမှာပင် အပူလျှပ်ခြင်းကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသည်ဟု သိရသည်။ ဇူလိုင် ၂၁ ရက်တွင် တိုကျိုသို့ အရေးပေါ် လူနာတင်ယာဉ်စီးရေ ၃,၀၉၁ စီး စေလွှတ်ခဲ့ရသဖြင့် တစ်နေ့တည်း စေလွှတ်ခဲ့ရသည့် စံချိန်တင် အများဆုံး အရေးပေါ် လူနာတင်ယာဉ် ပမာဏ ဖြစ်ခဲ့သည်။

ဇူလိုင်လ၏ ပထမပတ်တွင်မူ အပူလျှပ်ခြင်းကြောင့် လူသုံးဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒုတိယ သီတင်းပတ်တွင် လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု နောက်ဆုံးရ အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ဇူလိုင်လ ဒုတိယပတ်တွင် ပြင်းထန်လှသည့် အပူချိန်ကြောင့် လူပေါင်း ၉၉၀၀ ကျော် ဆေးရုံသို့ ပို့ခဲ့ရပြီး ပထမသီတင်းပတ်တွင်မူ လူပေါင်း ၂၇၀၀ ကျော် ဆေးရုံသို့ ပို့ခဲ့ရသည်ဟု မီးသတ်နှင့် သဘာဝဘေး ထိန်းချုပ်ရေးဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ပြင်းထန်လှသော ရာသီဥတုမှာလည်း လျော့ကျမည့် အရိပ်လက္ခဏာ မရှိသေးပေ။

နိုင်ငံတစ်ဝန်းရှိ စောင့်ကြည့်ရေး နေရာများ၌ မှတ်တမ်းတင်မှုအရ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်း အပူချိန်သည် ၃၅ ဒီဂရီဆဲစီးယပ်စ်ကို ကျော်လွန်နေသည်ဟု မိုးလေဝသဌာနမှ ထုတ်ပြန်ခဲ့သည်။ နိုင်ငံအလယ်ပိုင်းရှိ ဂူဂျိုမြို့တွင် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်း အပူချိန်သည် စံချိန်တင် ၃၉ ဒသမ ၈ ဒီဂရီဆဲစီးယပ်စ်အထိ ရှိခဲ့သည်။ တိုကျိုမြို့တော်၏ အစိတ်အပိုင်း အချို့တွင်လည်း အပူချိန်သည် ၃၇ ဒီဂရီဆဲစီးယပ်စ်ကို ကျော်သွားခဲ့ကြောင်း သိရသည်။

ဂျပန်၏ အဓိကကျွန်းပေါ်မှ နေရာအများစုတွင် အပူချိန် အလွန်အမင်း မြင့်တက်နိုင်သည်ဟု သတိပေးချက် တစ်ခုကိုလည်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ “အပူလျှပ်တဲ့အန္တရာယ်ဟာ တော်တော်လေး ကြီးနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ပြည်သူများကို ရေလုံလုံလောက်လောက် သောက်ရန် လိုက်ကာများ၊ အဲယားကွန်းများ အသုံးပြုရန် တိုက်တွန်းထားသည်။ ပြီးခဲ့သည့် သီတင်းပတ်က ခြောက်နှစ်အရွယ် ကလေးတစ်ဦး အပူလျှပ် သေဆုံးမှုကြောင့် ပညာရေး ဝန်ကြီးဌာနက ပြင်ပလှုပ်ရှားမှုများကို ပူအိုက်သော နေ့များတွင် မလုပ်ကြရန် စာသင်ကျောင်းများကို တိုက်တွန်းထားသည်။

ဂျပန်နိုင်ငံသည် လူ ၂၀၀ ကျော်ကို သေဆုံးစေခဲ့သော ရေကြီးမှုကြီး ဖြစ်ပွားပြီး တစ်လပင် မရှိသေးမီ ယခု အပူလှိုင်း ကျရောက်မှုနှင့် ထပ်မံရင်ဆိုင်ရခြင်း ဖြစ်သည်။

Ref : AFP

Most Read

Most Recent