စင်ကာပူကျန်းမာရေးမှတ်တမ်း ၁ ဒသမ ၅ သန်းအား ဟက်ကာများက ခိုးယူ

စင်ကာပူကျန်းမာရေးမှတ်တမ်း ၁ ဒသမ ၅ သန်းအား ဟက်ကာများက ခိုးယူ
Published 22 July 2018

စထရိတ်တိုင်းမ်သတင်းစာက ဇူလိုင် ၂၀ ရက်တွင် ဖော်ပြခဲ့သော ဓာတ်ပုံ၌ ဆိုက်ဘာတိုက်ခိုက်ခံရမှုအတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပနေမှုကို တွေ့ရစဉ်

ဝန်ကြီးချုပ်လီရှန်လွန်းအပါအဝင် စင်ကာပူနိုင်ငံသား ၁ ဒသမ ၅ သန်း၏ ကျန်းမာ ရေးမှတ်တမ်းများကို ဟက်ကာများက  ခိုးယူသွားခဲ့ကြသည်ဟု အာဏာပိုင်များက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့ကြသည်။  စင်ကာပူ နိုင်ငံအတွက် မကြုံစဖူးကြီးမားသော မှတ် တမ်းများ ခိုးယူခံရသည့် ယခုဖြစ်စဉ်အတွင်း လီရှန်လွန်းမှာ အဓိက ပစ်မှတ်ထားခံရခြင်း ဖြစ်သည်။

ကျွမ်းကျင်သူများကမူ ယင်းဆိုက်ဘာ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် အစိုးရ အဖွဲ့အစည်းများရှိနေနိုင်သည်ဟု သုံးသပ် ပြောကြားနေကြသည်။

အစိုးရ၏ ကျန်းမာရေးမှတ်တမ်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး စနစ်တကျ ကြိုတင်စီစဉ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူကျန်းမာရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုးကို မကြုံဖူးဟု လည်း ပြောကြားခဲ့သည်။

“တိုက်ခိုက်သူတွေဟာ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ကျန်မာရေးမှတ်တမ်းတွေကို  ထပ်တလဲလဲ အဓိကထားပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဂန်ကင်ယန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုဆိုက်ဘာတိုက်ခိုက်မှုသည် သိမ်မွေ့ပြီး စနစ်တကျစီစဉ်ထားသည့် ပုံစံမျိုး ဖြစ်သဖြင့် သာမန်ဟက်ကာများ၊ ရာဇဝတ်ဂိုဏ်းများ၏ လက်ချက်မဟုတ်ကြောင်း စင်ကာပူ ဆိုက်ဘာလုံခြုံရေးအေဂျင်စီမှ လေ့ လာဆန်းစစ်သူတစ်ဦးကပြောခဲ့သည်။ ဆောင် ရွက်နေဆဲစုံစမ်းစစ်ဆေးမှုများ၏လုံခြုံရေးအတွက် ဆိုက်ဘာတိုက်ခိုက်သူများသည် မည်သူမည်ဝါဖြစ်နိုင်ကြောင်းကိုမူ အစိုးရအရာရှိများက ပြောကြားရန် ငြင်းဆန်ခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ အင်တာနက်၏ မည်သည့်နေရာတွင်မှ ဝန်ကြီးချုပ်၏ အချက်အလက်များကို မတွေ့ရသေးဟု သိရသည်။

ကျွမ်းကျင်သူများကမူ ထိုတိုက်ခိုက်မှု၏ ရှုပ်ထွေးပုံ၊ ဝန်ကြီးချုပ်ကဲ့သို့ နာမည်ကျော်ပစ်မှတ်များကို အဓိကထားပုံကို ကြည့်ခြင်းဖြင့် အစိုးရအဖွဲ့အစည်းတစ်ခု၏ လက်ချက်ဟု ပြောနေကြသည်။

“ဆိုက်ဘာတိုက်ခိုက်သူတွေဘာကို ရှာချင်လဲဆိုတာ ကျွန်တော်မသိပါဘူး။ ဖြစ်နိုင်တာကတော့ သူတို့တစ်တွေဟာ နိုင်ငံရဲ့လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ ဒါမှမဟုတ် အနည်းဆုံး ကျွန်တော့်ကို အရှက်ကွဲစေမယ့် အရာမျိုးကို ရှာတာဖြစ်နိုင်ပါတယ်” ဟု လီရှန်လွန်းက Facebook တွင် ရေးသားခဲ့သည်။ “ကျွန်တော်ရဲ့ ကျန်းမာရေးအချက်အလက်ကို ပုံမှန်အားဖြင့် လူတွေမပြောပါဘူး။ ဒါပေမဲ့ အဲဒီထဲမှာ အထိတ်တလန့်ဖြစ်စရာ မရှိပါဘူး” ဟု လီက ရေးသားခဲ့သည်။

အာဏာပိုင်များက ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို သတိမထားမိကြမီ ဇွန်၂၇ မှ ဇူလိုင် ၄ ရက်အတွင်း ဟက်ကာများသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော ကွန်ပျူတာ တစ်လုံးကို အသုံးချပြီး အချက်အလက်များကို ခိုးယူခဲ့ကြသည်။

ခိုးယူခံရသည်များထဲတွင် လူနာများ၏ ကိုယ်ရေးအချက်အလက်များ၊ လူနာကို ပေးခဲ့သည့် ဆေးမှတ်တမ်းများပါဝင်သွားခဲ့သည်။ သို့သော် ဆေးကုသမှုမှတ်တမ်းနှင့် ဆေးခန်းမှတ်စုများမှာမူ ထိခိုက်မှုမရှိခဲ့ဟု ကျန်းမာရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများက ထုတ်ပြန်ခဲ့သည်။

ကျန်မာရေးမှတ်တမ်းများသည် အာဏာရှိသူများကို ငွေညှစ်ရန် အသုံးချနိုင်သဖြင့် ဆိုက်ဘာတိုက်ခိုက်သူများက အထူးစိတ်ဝင်စားကြသည်ဟု Lantium ဆိုက်ဘာလုံခြုံရေး အတိုင်ပင်ခံအဖွဲ့မှ အမှုဆောင်အရာရှိ ဂျက်ဖ်မစ်ဒယ်တန်က ပြောကြားခဲ့သည်။ “ လူသိရှင်ကြားမထုတ်ပြန်ရတဲ့ ဘယ်လို ကျန်းမာရေး အချက်အလက်မဆို ငွေညှစ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ရုရှားက သူလျှိုလုပ်ငန်းတွေဆိုရင် ဒါမျိုးတွေ လုပ်နေကြတာ ကြာလှပါပြီ” ဟု ၎င်းက ဆိုသည်။

အချို့သော ဟက်ကာများကမူ ခိုးလာသည့် အချက်အလက်များ၊ ဆော့ဖ်ဝဲများကို အွန်လိုင်းပေါ်တွင် ပြန်လည် ရောင်းချလေ့ရှိသည်။

 

 

Most Read

Most Recent