ဂျာမနီဘတ်စ်ကားပေါ်တွင် ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးဒဏ်ရာရရှိ

ဂျာမနီဘတ်စ်ကားပေါ်တွင် ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးဒဏ်ရာရရှိ
Published 22 July 2018

ဇူလိုင် ၂၀ ရက်၌ ဂျာမနီမြောက်ပိုင်း Luebeck မြို့အနီး ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သောနေရာ၌ ရဲများကို တွေ့ရစဉ် (Photo: AFP)

ဂျာမနီမြောက်ပိုင်း၌ ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊  တိုက်ခိုက်သူ၏ရည်ရွယ်ချက်ကို တိတိကျကျမသိရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လူအပြည့်လိုက်ပါလာသည့် ဘတ်စ်ကားသည် ဇူလိုင် ၂၀ ရက်တွင် Luebeck မြို့အနီးရှိ နာမည်ကျော် ကမ်းခြေမြို့  Travemuende သို့ ဦးတည်သွားရောက်နေစဉ် အမျိုးသားတစ်ဦးက ဓားကို ဆွဲထုတ်ပြီး ခရီးသည်များကို တိုက်ခိုက်ခဲ့သည်ဟု Luebeck အစိုးရရှေ့နေချုပ် Ulla Hingst က ပြောကြားခဲ့သည်။

လူ ခြောက်ဦးသည် ဓားဒဏ်ရာများရရှိခဲ့ပြီး သုံးဦးသည် အခြားထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဓားဖြင့်တိုက်ခိုက်သူသည် ယာဉ်မောင်းကိုလည်း လက်သီးဖြင့်ထိုးခဲ့ကြောင်း Schleswig-Holstein ပြည်နယ်  ဒေသဆိုင်ရာပြည်ထဲရေးဝန်ကြီး Hans Joachim Grote က DPA သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

“ကံကောင်းထောက်မစွာနဲ့ သေဆုံးသူ မရှိခဲ့ပါဘူး။ ဖြစ်စဉ်နောက်ခံအကြောင်းအရင်းနဲ့ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို တိတိကျကျမသိရသေးဘူး။ စုံစမ်းစစ်ဆေးနေတုန်းပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ ယာဉ်မောင်းသည် ကားကို ချက်ချင်းရပ်ခဲ့ပြီး ခရီးသွားများကို ထွက်ပြေးခိုင်းခဲ့သည်။

“ခရီးသည်တွေ ဘတ်စ်ကားပေါ်ကနေ ခုန်ချတယ်။ ကြောက်လန့်တကြားအော်ကြတယ်။ တိုက်ခိုက်သူက မီးဖိုချောင်သုံးဓားနဲ့ တိုက်ခိုက်ခဲ့တယ်” ဟု အခင်းဖြစ်ပွားရာ  နေရာအနီးတွင်ရှိသည့် မျက်မြင်သက်သေတစ်ဦးက ဒေသတွင်းသတင်းစာ Luebecker Nachrichten သို့ ပြောကြားခဲ့သည်။ ယာဉ်မောင်း၏ မြန်ဆန်ပြီး ရဲဝံ့သည့် အပြုအမူကြောင့် အဆိုးရွားဆုံးကို ရှောင်လွှဲနိုင်ခဲ့သည်ဟု Grote က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲကားတစ်စီး မြန်မြန်ဆန်ဆန်ရောက်ရှိလာပြီးနောက် ဓားဖြင့်တိုက်ခိုက်သူကို ထိန်းသိမ်းခဲ့သည်ဟု သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်သူသည် အသက် ၃၄ နှစ်အရွယ်ရှိ အီရန်ဖွား ဂျာမန်နိုင်ငံသားတစ်ဦးဖြစ်သည်ဟု အစိုးရ ရှေ့နေချုပ် Hingst က ပြောကြားခဲ့သည်။ ယင်းအမျိုးသား၏ အိတ်ထဲတွင် မီးလောင်လွယ်သော အရာဝတ္ထုကို တွေ့ရှိခဲ့သော်လည်း ဖောက်ခွဲရေးပစ္စည်းများ မဟုတ်ကြောင်း  DPA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဂျာမနီသည် အစွန်းရောက် အစ္စလာမ္မစ်များ၏ပစ်မှတ်ထားတိုက်ခိုက်ခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ဘာလင် ခရစ်စမတ်ဈေးတစ်ခု၌  ကုန်ကားတစ်စီးဖြင့် လူအုပ်ကို ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှု ဖြစ်ပြီးနောက် IS အဖွဲ့၏အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် လုံခြုံရေးဌာနများက သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်တွင် ဟမ်းဘာ့ဂ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် အသက် ၂၆ နှစ်အရွယ်ရှိ ပါလက်စတိုင်း ခိုလှုံခွင့်တောင်းခံသူတစ်ဦးက ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

Most Read

Most Recent