ဒေါ်လာဘီလျံ ၅၀၀ ကျော် တန်ဖိုးရှိ တရုတ် သွင်းကုန်အားလုံးကို လိုအပ်ပါက စည်းကြပ်ခွန်များ ချမှတ်မည်ဟု ထရန့် ခြိမ်းခြောက်

ဒေါ်လာဘီလျံ ၅၀၀ ကျော် တန်ဖိုးရှိ တရုတ် သွင်းကုန်အားလုံးကို လိုအပ်ပါက စည်းကြပ်ခွန်များ ချမှတ်မည်ဟု ထရန့် ခြိမ်းခြောက်
Published 22 July 2018

ဇူလိုင် ၁၉ ရက်တွင် တရုတ်မြောက်ပိုင်း ဟီပေပြည်နယ်၌ Hopeful Grain and Oil Group ၏ စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်သို့တင်သွင်းသော တရုတ်ကုန်ပစ္စည်းများအားလုံးကို လိုအပ်ပါက စည်းကြပ်ခွန်များ ချမှတ်သွားရန် ဆန္ဒရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇူလိုင် ၂၀ ရက်တွင် ထုတ်လွှင့်ခဲ့သောအင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။ “ကျုပ်က ၅၀၀ အထိ လုပ်ဖို့ အဆင်သင့်ပဲ” ဟု ရီပက်ဘလီကင်ခေါင်းဆောင်က ၂၀၁၇ ခုနှစ်တွင် အမေရိကန်သို့တင်သွင်းခွင့်ပြုခဲ့သည့် တရုတ်သွင်းကုန်များ၏တန်ဖိုး ဒေါ်လာ ၅၀၅ ဒသမ ၆ ဘီလျံကို ရည်ညွှန်းလျက် အမေရိကန်သတင်းဌာန CNBC သို့ ပြောကြားခဲ့သည်။

“ကျုပ်က နိုင်ငံရေးအတွက် ဒါကို လုပ်နေတာ မဟုတ်ဘူး။ ကျုပ်နိုင်ငံအတွက် အမှန်ကန်ဆုံးအရာကို ကျုပ် လုပ်နေတာ”  ဟု ထရန့် က ပြောကြားခဲ့သည်။ “ကျုပ်တို့တွေ တရုတ်ရဲ့အလိမ်ခံနေရတာ နှစ်ပေါင်းများစွာ ကြာနေပြီ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သီတင်းပတ်များစွာ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရဖြစ်ခဲ့ပြီးနောက် အမေရိကန်သည် ဒေါ်လာ ၃၄ ဘီလျံနီးပါး တန်ဖိုးရှိ တရုတ်စက်ပစ္စည်းနှင့် နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်များအား ယခုလ အစောပိုင်းတွင် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့သည်။ တရုတ်ကလည်း အလားတူ ပမာဏအတိုင်း လက်တုံ့ပြန်မည်ဟု ချက်ချင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် ဒေါ်လာ ၁၆ ဘီလျံ တန်ဖိုးရှိ နောက်ထပ်သွင်းကုန်များအား စည်းကြပ်ခွန်များချမှတ်ရန် ပြန်လည်သုံးသပ်နေပြီး မကြာမီ စည်းကြပ်ခွန်များ ပြဋ္ဌာန်းမည့် စာရင်းသို့ ထည့်သွင်းဖွယ် ရှိသည်။ အမေရိ ကန်သည် နောက်ထပ်ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများအား ပစ်မှတ်ထား၍ စက်တင်ဘာတွင် စည်းကြပ်ခွန်များ ချမှတ်ရန်လည်း စီစဉ်နေသည်။           တရုတ်က အမေရိကန်သည် စီးပွားရေး သမိုင်းတွင် အကြီးမားဆုံးကုန်သွယ်ရေးစစ်ပွဲကို စတင်နေသည်ဟု စွပ်စွဲခဲ့သည်။

အမေရိကန်သည် ကုန်သွယ်ရေးမူဝါဒ အပါအဝင် ကိစ္စအများအပြားတွင် အခွင့်အ ရေးယူခံနေရကြောင်း ထရန့်က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သော အင်တာဗျူးအပြည့် အစုံ၌ ထပ်မံပြောကြားခဲ့သည်။ “သူတို့တွေ ကို လန့်အောင် မလုပ်ချင်ပါဘူး။ သူတို့တွေ ကို ကောင်းစေချင်ပါတယ်။ သမ္မတရှီကို ကျုပ် အတော်သဘောကျပါတယ်။ ဒါပေမဲ့ ဒါက တော်တော် တရားမမျှတပါဘူး”  ဟု ထရန့်က ပြောကြားခဲ့သည်။

အမှီအခိုကင်းသော အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများ မြှင့်တင်ရန်ဆုံးဖြတ်ခဲ့မှုအား မနှစ်သက်ကြောင်း ထရန့်က ဇူလိုင် ၁၉ ရက်တွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူး ကောက်နုတ်ချက်၌ ထုတ်ဖော်ပြောဆိုခဲ့ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်က ဗဟိုဘဏ်၏လုပ်ရပ်များအား မှတ်ချက်မပြုရဟူသော အစဉ်အလာ ကျင့်ထုံးကိုလည်း ချိုးဖောက်ခဲ့သည်။

ဥရောပသမဂ္ဂနှင့်တရုတ်တို့သည် ၎င်းတို့၏ငွေကြေးတန်ဖိုးများအား ဈေးကစားနေသည်ဟု ထရန့်က အမေရိကန်၏ကုန်သွယ်ရေး မိတ်ဖက်များအား ဇူလိုင် ၂၀ ရက်တွင် တိုက်ခိုက်မှုသစ် လုပ်ဆောင်ခဲ့သည်။ အမေရိကန်ဒေါ်လာတန်ဖိုး ခိုင်မာနေချိန်တွင် တရုတ်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက ၎င်းတို့၏ငွေကြေးများအား ဈေးကစားနေပြီး အတိုးနှုန်းများအား လျှော့ချနေသဖြင့် ၎င်းတို့၏ ကြီးမားသောယှဉ်ပြိုင်မှုဆိုင်ရာ အားကောင်းမှုကို အားလျော့စေခဲ့ကြောင်း ထရန့်က Twitter တွင် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent