ဗီယက်နမ်တွင် ရေကြီးမှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

ဗီယက်နမ်တွင် ရေကြီးမှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး
Published 22 July 2018

ဇူလိုင် ၂၁ ရက်တွင် Yen Bai ပြည်နယ်၌ ရေလွှမ်းပြီးနောက် ပျက်စီးနေမှုကို တွေ့ရစဉ် (Photo: AFP)

ဗီယက်နမ်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Son Tinh ဝင်ရောက်မှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်တွင် မုတ်သုံမုန်တိုင်းနှင့် ရေကြီးမှုများဖြစ်လေ့ရှိပြီး နှစ်စဉ် လူရာနှင့်ချီ သေဆုံးခဲ့သည်။ယခုနှစ် အစောပိုင်းမှစပြီး ဗီယက်နမ်သို့ တတိယမြောက် ဝင်ရောက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း Son Tinh ကြောင့် ဇူလိုင် ၁၈ ရက် ညပိုင်းတွင် မြေပြိုမှုများဖြစ်ပေါ်ပြီး Thanh Hoa နှင့် NgheAn  ပြည်နယ်တစ်လျှောက်ရှိ အခြေခံ အဆောက်အအုံနှင့် စိုက်ခင်းများ ပျက်စီးခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး မြို့တော်ဟနွိုင်းအပါအဝင် နိုင်ငံ တစ်ဝန်းရှိ ဒေသများတွင် ရေကြီးခြင်းနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံး၏ နောက်ဆုံးထုတ်ပြန်မှုအရ လူ ၁၀ ဦး ထက်မနည်းသေဆုံးပြီး မြောက်ပိုင်းရှိ တောင်ထူထပ်သည့် Yen Bai နှင့် Thanh Hoa  ပြည်နယ်တို့တွင် လူ ၁၁ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

အိမ်ခြေ ၄,၀၀၀ ခန့်နှင့် စိုက်ပျိုးမြေ ဟက်တာ ထောင်နှင့်ချီပျက်စီးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ခဲ့ပြီး  မိုးသည်းထန်စွာရွာသွန်းဦးမည်ဟု သတိပေးခဲ့သည်။

ဗီယက်နမ်၏ မိုးရာသီသည် ဇွန်နှင့် နိုဝင်ဘာလအတွင်းဖြစ်ပြီး  လူနှင့် ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် သဘာဝဘေးအန္တရာယ်များကြောင့် လူ ၃၈၉ ဦးသေဆုံးခဲ့ပြီး ပစ္စည်းပျက်စီးမှု တန်ဖိုး ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ အထိရှိခဲ့သည်ဟု ဗီယက်နမ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

 

 

 

Most Read

Most Recent