ကာစီနိုများအား ခွင့်ပြုမည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို ဂျပန် ပါလီမန်က အတည်ပြု

ကာစီနိုများအား ခွင့်ပြုမည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို ဂျပန် ပါလီမန်က အတည်ပြု
Published 22 July 2018

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် တိုကျို၌ ပြခန်းတစ်ခုတွင် blackjack ကစားနည်းကို သရုပ်ပြနေစဉ် (Photo: AFP)

အစိုးရက ခရီးသွားကဏ္ဍနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများကို အားကောင်းစေမည်ဟု ပြောကြားပြီး အတိုက်အခံများကမူ ခါးခါးသီးသီး ဆန့်ကျင်နေကြသော ကာစီနိုများအားခွင့်ပြုမည့် အငြင်းပွားစရာဥပဒေတစ်ရပ်ကို ဂျပန် နိုင်ငံတွင် ဇူလိုင် ၂၀ ရက်က အတည်ပြုခဲ့သည်။

အတိုက်အခံဥပဒေပြုအမတ်များသည် ယခုဥပဒေကို အထက်လွှတ်တော်၌ မဲခွဲ ဆုံး ဖြတ်မှုအား နှောင့်နှေးစေရန်အတွက် ဝန်ကြီး ချုပ်ရှင်ဇိုအာဘေး၏ ဝန်ကြီးအဖွဲ့အပေါ် အယုံအကြည်မရှိအဆိုအား မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့သေးသည်။ သို့သော် အာဘေး၏ နိုင်ငံရေးအင်အားစုသည် ပါလီမန်ထဲတွင် နေရာအများစုကိုရရှိထားသောကြောင့် စိတ်ပူရန် မလိုအပ်ပေ။

လပ်စ်ဗီးဂတ်စ်ကဲ့သို့ ကာစီနိုများ၊ဖျော်ဖြေရေး အခမ်းအနားများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် ညီလာခံခန်းမများ ပေါင်းစည်းထားသော မီဂါအပန်းဖြေစခန်းများ  (IRs) ပေါ်ထွက်ရေးအတွက် ဂျပန်အစိုးရက စည်းရုံးနေသည် မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။ ဒေသတွင်း လောင်းကစားဗဟိုချက်များဖြစ်ကြသည့် စင်ကာပူနှင့်မကာအိုတို့ကိုထောက်ပြပြီး ကာစီနိုများသည် ခရီးသွားများနှင့် စီးပွားရေးဆိုင်ရာ သုံးစွဲမှုများကို  သယ်ဆောင်လာနိုင်ကြောင်း၊ ဂျပန်နိုင်ငံ၏ တုံ့ဆိုင်းနေသော စီးပွားရေးအား မြန်ဆန်လာစေရန် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်ကြောင်း ဂျပန်အစိုးရက ပြောကြားနေသည်။

သို့သော် ဂျပန်သည် ယခင်ကတည်းက လောင်းကစားစွဲလမ်းမှုနှင့် ပတ်သက်ပြီး ပြဿနာရှိနေသဖြင့် တက်ကြွ လှုပ်ရှားသူများက စိုးရိမ်ပူပန်နေကြခြင်း အပါအဝင် ယခုဥပဒေနှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ရှိနေသည်။

ဇူလိုင် ၂၀ ရက်တွင် အတည်ပြုလိုက်သည့် ဥပဒေကြောင့် IR အဆောက်အအုံ သုံးခုဆောက်လုပ်ရေးအတွက် လမ်းပွင့်သွားခဲ့သည်။ အဆိုပါဥပဒေကို ပို၍သြဇာကြီးသော အောက်လွှတ်တော်တွင် ဇွန်လကတည်းက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“IR ဆိုတာ ကာစီနိုသက်သက် မဟုတ်ပါဘူး။ ဒါဟာ ဂျပန်နိုင်ငံတစ်လွှားမှာ ခရီးသွားလာရောက်မှုကို တိုးမြှင့်ဖို့ ကူညီမယ့် ကဏ္ဍပေါင်းစုံပေါင်းစပ်ထားတဲ့ အပန်းဖြေ စခန်းတစ်ခုပါ”  ဟု ဂျပန်အစိုးရအဖွဲ့၏ ထိပ်တန်းပြောခွင့်ရပုဂ္ဂိုလ်ယိုရှီဟီဒေဆူဂါက မဲခွဲမဆုံးဖြတ်မီ ကြေညာခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသည် ကာစီနိုကို ကာလရှည်ပိတ်ပင်ထားခဲ့သည့် တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်။ ယခုလအစောပိုင်းက လုပ်ဆောင်ခဲ့ သည့်လူထုသဘောထားစစ်တမ်းအရ ကာစီနိုကိစ္စအားဆန့်ကျင်သူသည် ၆၂ ရာခိုင်နှုန်းရှိပြီး ထောက်ခံသူသည်၂၂ရာ ခိုင်နှုန်း ရှိကာ ၁၆ ရာခိုင်နှုန်းမှာ သေချာမှု မရှိဖြစ်နေသည်။ အတိုက်အခံများကလည်း အစိုးရသည် လူ ၂၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရသော ယခုလအစောပိုင်းကနိုင်ငံအနောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကို ဖြေရှင်းရေးထက် ကာစီနိုဥပဒေကိစ္စကို ဦးစားပေးခဲ့သည်ဟု  စွပ်စွဲခဲ့သည်။ “အာဘေးအစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ အကြောင်းရင်းတွေဟာ မရေမတွက်နိုင်အောင်ရှိပါတယ်” ဟု အဓိက အတိုက်အခံ ခေါင်းဆောင်ယူကီယို အီဒါနိုက ဆိုသည်။

Most Read

Most Recent