အဲဘတ်စ်ထံမှ ဒေါ်လာ ဘီလျံ ၃၀ တန်ဖိုးရှိသော လေယာဉ်အစင်း ၁၀၀ မှာယူထားကြောင်း အဲအေးရှား ကြေညာ

အဲဘတ်စ်ထံမှ ဒေါ်လာ ဘီလျံ ၃၀ တန်ဖိုးရှိသော လေယာဉ်အစင်း ၁၀၀ မှာယူထားကြောင်း အဲအေးရှား ကြေညာ
Published 21 July 2018

ဇူလိုင် ၁၉ ရက်တွင် ဆီပန်မြို့၌ အဲအေးရှားကုမ္ပဏီ သူဌေး ဖာနန်ဒက်စ် (လယ်) က သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo - AFP)

မလေးရှားလေကြောင်းလိုင်း Air Asia က လေယာဉ်ထုတ်လုပ်သည့် အဲဘတ်စ် ကုမ္ပဏီထံမှ A 330 neo လေယာဉ် ၃၄ စင်း ထပ်မံမှာယူထားကြောင်း ဇူလိုင် ၁၉ ရက်တွင် ကြေညာခဲ့သည်။ အဲအေးရှားသည် ၎င်း၏ ဥရောပခရီးစဉ်များကို တိုးချဲ့ရန် ခြေလှမ်းစတင်နေစဉ် အဲဘတ်စ်ထံမှ လေယာဉ်မှာယူမှုသည် စုစုပေါင်း အစင်း ၁၀၀ အထိ ရှိလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ဘီလျံ ၃၀ အထိ ရှိနေပြီဖြစ်သည်။

မှာယူထားသည့် လေယာဉ်ပထမ အသုတ်မှာ ၂၀၁၉ ခုနှစ်ကုန်တွင် ရောက်ရှိမည်ဖြစ်ပြီး ယင်းလေယာဉ်များနှင့် ဥရောပသို့ အဆုံးမရှိ ခရီးစဉ်များပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း အဲအေးရှား ဥက္ကဋ္ဌ တိုနီဖာနန်ဒက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လန်ဒန်ခရီးစဉ် စတင်လို့ရပါပြီ။ A 330 လေယာဉ်နဲ့ ဘရာဇီးနိုင်ငံ၊ နမီးဘီးယားနိုင်ငံတွေဆီကို သွားနိုင်တဲ့အပြင် ကျွန်တော်တို့ သွားချင်တဲ့ ဘယ်နေရာကိုမဆို ခေါ်ဆောင်သွားပေးမှာပါ” ဟု ဖာနန်ဒက်စ်က ဆိုသည်။

လေယာဉ် အလုံအလောက်မရှိခြင်းနှင့် လောင်စာဆီ ဈေးနှုန်းမြင့်မားမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် ကွာလာလမ်ပူ-လန်ဒန်ခရီး စဉ်ပြေးဆွဲမှုများ လျော့ကျခဲ့သည်။ လေယာဉ်မှာယူမှုများအတွက် အဲအေးရှားလေကြောင်းလိုင်းသည် လေယာဉ်ဈေးကွက် ကိုစိုးမိုးနိုင်ရန် ပြိုင်ဘက်အမေရိကန်ကုမ္ပဏီ ဘိုရင်း နှင့် အပြင်းအထန် ပြိုင်ဆိုင်နေခဲ့ရသည့် ဥရောပ ဧရာမစီးပွားရေး ကော်ပိုရေးရှင်း အဲဘတ်စ်၏ အာရှဖောက်သည်ကြီး ဖြစ်လာပြီဖြစ်သည်။

A 330 neo လေယာဉ်များသည် လောင်စာဆီ သုံးစွဲမှုသက်သာပြီး ယခင် A 330 လေယာဉ်များကို အဆင့်မြှင့်တင့်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ Rolls Royce Trent 7000 အင်ဂျင်ကြီးများ တပ်ဆင်ထားပြီး လောင်စာဆီသုံးစွဲမှုကိုလည်း ၂၅ ရာခိုင်နှုန်း သက်သာစေမည်ဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

သို့သော် A 330 neo လေယာဉ်၏ ဂျက်အင်ဂျင်သည် ဘိုရင်း၏ 787 လေယာဉ် ဂျက်အင်ဂျင်နှင့်ယှဉ်လျှင် အားနည်းနေသည်။

အဲအေးရှားသည် အဲဘတ်စ်ကုမ္ပဏီနှင့် ပူးပေါင်း၍ မလေးရှားတွင် ခရီးဝေး ပျံသန်းသည့်လေယာဉ်များ၏ အပိုပစ္စည်း ရုံနှင့် ပြုပြင်ရေးလုပ်ငန်းများ ပါဝင်သော လေယာဉ်ထုတ်လုပ်သည့်စက်ရုံကို ထူထောင်ရန် ဆွေးနွေးပွဲများကို စတင်နေပြီဖြစ်ကြောင်း ဖာနန်ဒက်စ်က ဆိုသည်။

ဂီတအမှုဆောင်ဟောင်းနှင့် သန်းကြွယ်သူဌေးလည်းဖြစ်သည့် ဖာနန်ဒက်စ်သည် ဗြိတိန်လုပ်ငန်းရှင် ရစ်ချတ်ဘရန်ဆန်နှင့်တူသည်ဟု ကိုယ့်ကိုယ်ကိုယ် ခိုင်းနှိုင်းခဲ့သည်။ အဲအေးရှားသည် အာရှ၏အကြီးမားဆုံး စရိတ်နည်း လေကြောင်းလိုင်းဖြစ်ပြီး မကြာသေးမီကာလတွင်မူ အနုတ်သဘောဆောင်သည့် အဖြစ်အပျက်များနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ဖာနန်ဒက်စ်သည် တရားမဝင် လိုင်စင်ရယူခဲ့သည်ဟု စွပ်စွဲခံရပြီး ပြီးခဲ့သောမေတွင် အဲအေးရှားရုံးများသည် စစ်ဆေးခံခဲ့ရသည်။

Ref ; AFP

Most Read

Most Recent