တရုတ်နိုင်ငံ၌ သယ်ယူပို့ဆောင်ရေးပုံစံသစ် Hyperloop စီမံကိန်းစတင်

တရုတ်နိုင်ငံ၌ သယ်ယူပို့ဆောင်ရေးပုံစံသစ် Hyperloop စီမံကိန်းစတင်
Published 21 July 2018

ဖေဖော်ဝါရီ ၂၂ ရက်တွင် ဒူဘိုင်း၌ Hyperloop ဒီဇိုင်းပုံစံတစ်ခုအား ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြသခဲ့စဉ် (Photo - AFP)

၁၀ ကီလိုမီတာ (ခြောက်မိုင်ရှိသော) အရှည်ရှိသော Hyperloop  ပို့ဆောင်ရေး စနစ်သစ်ပြေးလမ်းကြောင်းတစ်ခုကို ဆောက် လုပ်ရန် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ မြို့တစ်မြို့နှင့် ပူးပေါင်းမည့်အကြောင်း Hyperloop Transportation (Hyperloop TT) က ဇူလိုင် ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။

အီလန်မက်စ်၏ အကြံဉာဏ်ဖြစ်သော Hyperloop ဆိုသည်မှာ ဆေးတောင့်ပုံသဏ္ဌာန်ရှိ လူစီးတွဲများကို လေဟာနယ်ဥမင်များတွင် တွန်းကန်အားဖြင့် ရွေ့လျားစေသည့် သယ်ယူပို့ဆောင်ရေးပုံစံသစ်တစ်ခု ဖြစ်သည်။ ကယ်လီဖိုးနီးယားအခြေစိုက် Hyperloop သည် အီလန်မက်စ်က အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော ထိုစိတ်ကူးအပေါ် အခြေခံပြီး စွန့်စားလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများမှ တစ်ခုဖြစ်သည်။

Hyperloop TT သည် တရုတ်အပြင်အခြားနိုင်ငံများနှင့်လည်း အလားတူသဘော တူညီချက်များရရှိထားသည်။ ထိုသဘောတူ ညီချက်များ၌ ပြေးလမ်းကြောင်းဥမင်များ ဆောက်လုပ်ရေးအပြင် လူစီးတွဲများ (ပွတ်တိုက်အားနည်းပြီး သံလိုက်ဓာတ်ဖြင့် လေထဲတွင် မြောက်နေနိုင်သည့် ကျည်တောက်ပုံစံ အတွဲများ) ကို ဆောက်လုပ်မှုများလည်း ပါဝင်နေသည်။

တရုတ်နိုင်ငံမှ ဆင်းရဲမွဲတေသော ကွေးကျိုးပြည်နယ်ရှိ ဝေးလံခေါင်သီသော ထုံရန်မြို့တွင် ယခုစီမံကိန်းသစ်ကို အကောင်အထည်ဖော်မည်ဟု သိရသည်။

“အခုအချိန်အထိ ဆောက်လုပ်ခဲ့တဲ့ မြန်နှုန်းမြင့်ရထားလမ်းပမာဏအရ တရုတ်ဟာ ကမ္ဘာမှာ ဦးဆောင်နေပါတယ်။ အခုဆိုရင် သူတို့ဟာပိုပြီးအသုံးဝင်တဲ့ မြန်နှုန်းမြင့် Hyperloop နည်းနဲ့ အဖြေရှာဖို့ လုပ်ဆောင်နေကြပါပြီ” ဟု Hyperloop TT မှ ဥက္ကဋ္ဌ ဘီဘော့ဂရီစတာက ပြောကြားခဲ့သည်။

“လက်တွဲလုပ်ဖို့ စစ်မှန်တဲ့ မိတ်ဖက်တွေကို တရုတ်နိုင်ငံထဲမှာ အချိန်ယူပြီး ကျွန်တော်တို့ ရှာဖွေခဲ့ပါတယ်။ အခုဆိုရင်တော့ ခိုင်မာတဲ့ ရင်းနှီးမှုကွန်ရက်တစ်ခုရှိ နေပြီဖြစ်ပြီး ဒီသယ်ယူပို့ဆောင်ရေးစနစ်ကို စတင်ဖန်တီးဖို့ အသင့်ဖြစ်နေပါပြီ” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ဒေသဆိုင်ရာအစိုးရ၏ အသုံးစရိတ်နှင့် ကြီးထွားလာသည့် ကြွေးမြီများကို ပစ်မှတ်ထားနေစဉ် ယခုစီမံကိန်းအား ငွေကြေးပံ့ပိုးမှုပိုင်းတွင် အခက်အခဲရှိ နိုင်သည်။ Hyperloop TT ၏ ပြောကြားချက်အရ အစိုးရ-ပုဂ္ဂလိကမိတ်ဖက်တစ်ခုမှ ငွေကြေးထောက်ပံ့မည်ဖြစ်ပြီး ထုံရန်မြို့ အစိုးရထံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း ၅၀ ရရှိမည်ဟု သိရသည်။ အစိုးရပိုင် တရုတ်အာ ကာသလေကြောင်းဆိုင်ရာ သိပ္ပံနှင့် စက်မှုကော်ပိုရေးရှင်းကလည်း တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့် ရထားနည်းပညာ မျိုးဆက်သစ်အား စွန့်ဦးလုပ်ကိုင်နိုင်ရန် ကြံရွယ်လျက်ရှိသည်။

Ref ; AFP

Most Read

Most Recent