တောင်ကိုရီးယားသမ္မတဟောင်း ပက်ကွမ်ဟီး ထောင်ဒဏ်ရှစ်နှစ် ထပ်မံချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်း ပက်ကွမ်ဟီး ထောင်ဒဏ်ရှစ်နှစ် ထပ်မံချမှတ်ခံရ
Published 21 July 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ဆိုးလ်ရှိ တရားရုံးသို့ ဖြုတ်ချခံသမ္မတ ပက်ကွမ်ဟီး (ဝဲ) ရောက်ရှိလာစဉ် (Photo - AFP)

အရှက်တကွဲဖြစ်ခဲ့ရသော တောင်ကိုရီးယားသမ္မတဟောင်း ပက်ကွမ်ဟီးသည် နိုင်ငံ၏ သူလျှိုအေဂျင်စီမှ ရန်ပုံငွေများကို တရားမဝင်လက်ခံမှုဖြင့် ပြစ်မှုထင်ရှားပြီး  ဇူလိုင် ၂၀ ရက်တွင် ထောင်ဒဏ်ရှစ်နှစ်ထပ်မံ ချမှတ်ခံခဲ့ရသည်။

ကျယ်ပြန့်လှသည့် အရှုပ်တော်ပုံတစ်ခုကြောင့် ယမန်နှစ်က တောင်ကိုရီးယားတွင် လမ်းပေါ်ထွက်ဆန္ဒပြမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီးနောက် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ကွမ်ဟီးသည် အယုံအကြည်မရှိအဆိုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထို့နောက် ပက်ကွမ်ဟီးသည် အာဏာအလွဲသုံးစားပြုမှုဖြင့် ဧပြီလတွင် ထောင်ဒဏ် ၂၄ နှစ် ကျခံခဲ့ရသည်။

ပက်ကွမ်ဟီးသည် ဆိုးလ်မြို့ဗဟိုခရိုင်တရားရုံးသို့ လာရောက်ရန် ငြင်းဆန်ခဲ့သဖြင့် ဇူလိုင် ၂၀ ရက်တွင် ထောင်ဒဏ်ကို ပက်ကွမ်ဟီးမရှိဘဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (NIS ) မှ ငွေများကဲ့ဝှက်မှု၊ ၂၀၁၆ ခုနှစ်တွင် အာဏာရပါတီမှ ပါလီမန်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုတွင် ဝင်စွက်ဖက်မှုတို့နှင့် ပတ်သက်ပြီး သီးခြားစီ ကြားနာစစ်ဆေးခဲ့ပြီးနောက် ပက်ကွမ်ဟီးအား ယခုစီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆိုးလ်မြို့ဗဟိုခရိုင်တရားရုံးသည် ပက်ကွမ်ဟီးကို သူလျှိုအေဂျင်စီမှ ဝမ် ၃ ဒသမ ၃ ဘီလျံ ( ဒေါ်လာ ၂ ဒသမ ၉ သန်း) လက်ခံခဲ့မှုဖြင့် ထောင်ဒဏ်ခြောက်နှစ်၊ ကိုယ်စားလှယ်ရွေးချယ်မှုတွင် ဝင်စွက်ဖက်မှုဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။

ထိုပြစ်ဒဏ်များကို ဆက်တိုက်ကျခံရမည်ဖြစ်သဖြင့် အသက် ၆၆ နှစ်အရွယ် ပက်ကွမ်ဟီးသည် ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ်ကို ကျခံရမည် ဖြစ်သည်။ တရားရုံးမှ ထုတ်ပြန်ချက်တွင် NIS အကြီးအကဲသုံးဦးကို စစ်မေးရာတွင် ၎င်းတို့သည် ပတ်ကွမ်ဟီး၏ အမိန့်ဖြင့် ရန်ပုံငွေများကို လွှဲပေးခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြသည်။

စွဲချက်အားလုံးကို ငြင်းဆိုထားသည့် ပက်ကွမ်ဟီးကို တရားသူကြီးက ကြားနာစစ်ဆေးမှု တစ်လျှောက်လုံးနှင့် အစိုးရရှေ့နေများ၏ စစ်ဆေးမေးမြန်းမှုများအတွင်း ပူးပေါင်းလုပ်ဆောင်မှု လုံးဝမရှိဟုလည်း ပြစ်တင်ကြိမ်းမောင်းခဲ့သည်။

နောင်တရခြင်းမရှိ

ခြစားမှုနှင့် အာဏာအလွဲသုံးစားပြုမှု စွဲချက်များဖြင့် ပက်ကွမ်ဟီးအပေါ်ချမှတ်ထားသော ထောင်ဒဏ်ကို နှစ် ၃၀ အထိ တိုးမြှင့်ချမှတ်ပေးရန် ဇူလိုင် ၂၀ ရက် အစောပိုင်းတွင် အစိုးရရှေ့နေများက အယူခံတရားရုံး သို့တောင်းဆိုခဲ့သေးသည်။ ထို့ပြင် ငွေဒဏ်ချမှတ်မှုကို ခြောက်ဆတိုးမြှင့်ပြီး ဝမ် ၁၁၈ ဒသမ ၅ ဘီလျံ ချမှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ “စွပ်စွဲခံရသူဟာ ဘယ်တုန်းကမှ နောင်တမရသလို ပြည်သူရှေ့မှာ စစ်မှန်တဲ့ တောင်းပန်မှုတစ်ခုမျှ မလုပ်ခဲ့ပါဘူး” ဟု ရှေ့နေများက ဆိုကြသည်။

ပက်ကွမ်ဟီး၏ ရှေ့နေများကမူ ပက်သည် ၎င်း၏ လူယုံချွိုင်ဆွန်စီထံ စီးပွားရေး လုပ်ငန်းရှင်များမှ ပေးလာသည့် ငွေများကို ကိုယ်ကျိုးစီးပွားအတွက် အသုံးမချခဲ့သဖြင့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။  ဆိုးလ်မြို့တရားရုံးချုပ်သည် ထိုတောင်းဆိုမှုများနှင့် ပတ်သက်ပြီးသြဂုတ်၂၄ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။

ပက်ကွမ်ဟီးသည် ၎င်း၏ ကိုယ်ပိုင်နေအိမ်ကို ထိန်းသိမ်းရန်၊ လူယုံချွိုင်ဆွန်စီ (ခြစားမှု အရှုပ်တော်ပုံမှ အဓိကပုဂ္ဂိုလ်) ၏ ဖက်ရှင်ဆိုင်သို့ ငွေများ ထောက်ပံ့ပေးရန်အတွက် အခွန်ထမ်း ပြည်သူများ၏ ငွေကြေးများကို ဖြုန်းတီးခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ထိုဖက်ရှင်ဆိုင်တွင် ပက်ကွမ်ဟီးအတွက် အဝတ်အစားများချုပ်လုပ်ခြင်း၊ နှိပ်နယ်ခြင်း အပါအဝင်အခြားသော သီးသန့်ဝန်ဆောင်မှုများ ပါလုပ်ဆောင်ပေးကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent