ခိုလှုံခွင့်စိစစ်မည့် စင်တာများအား နိုင်ငံထဲ၌ ထူထောင်မည့် ဥရောပသမဂ္ဂ၏ အစီအစဉ်ကို လစ်ဗျားပယ်ချ

ခိုလှုံခွင့်စိစစ်မည့် စင်တာများအား နိုင်ငံထဲ၌ ထူထောင်မည့် ဥရောပသမဂ္ဂ၏ အစီအစဉ်ကို လစ်ဗျားပယ်ချ
Published 21 July 2018

ဇူလိုင် ၁၇ ရက်တွင် မြေထဲပင်လယ်၌ စပိန်ကယ်ဆယ်ရေးများက ရွှေ့ပြောင်းအခြေချကလေးနှင့် အမျိုးသမီးအလောင်းကို ဆယ်ယူနေစဉ် (Photo - AFP)

ခိုလှုံခွင့်တောင်းခံသူများအား စိစစ်မည့် စင်တာများအား နိုင်ငံထဲ၌ထူထောင်မည့် ဥရောပသမဂ္ဂ၏ အစီအစဉ်ကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း လစ်ဗျားဝန်ကြီးချုပ်က ဇူလိုင် ၂၀ ရက်တွင် ပယ်ချခဲ့ရာ ရွှေ့ပြောင်းအခြေချသစ်များ ဝင်ရောက်မှုအား ဟန့်တားရန် ကြိုးပမ်းနေသော ဥရောပခေါင်းဆောင်များအတွက် နောက်ကြောင်းပြန်လှည့်မှုသစ် တစ်ခုဖြစ်ခဲ့သည်။

ဥရောပသမဂ္ဂတွင် လက်ခံရန်အလိုမရှိသည့် တရားမဝင် ရွှေ့ပြောင်းအခြေချများအား နိုင်ငံ၌ တရားဝင်ထားရှိရန် ဥရောပ၏ အစီအစဉ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း လစ်ဗျားဝန်ကြီးချုပ် ဖေယက်ဖ်အယ်ဆာရက်ဂျ်က ဂျာမနီနေ့စဉ်သတင်းစာ Bild နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ တရားမဝင် ရွှေ့ပြောင်းအခြေချများအား ပိုမိုလက်ခံရန်အတွက် ဥရောပသမဂ္ဂ၏ ငွေကြေးများနှင့် မည်သည့်အပေးအယူကိုမဆို လစ်ဗျားက သဘောတူသွားမည်မဟုတ်ဟု ၎င်းက ကတိပြုခဲ့သည်။ ဥရောပသမဂ္ဂသည် ရွှေ့ပြောင်းအခြေချများ၏ နေရပ်နိုင်ငံများအား နိုင်ငံထဲမှရွှေ့ပြောင်းထွက်ခွာမှုအား တားဆီးရန်အတွက် ဦးစွာဖိအားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂက ရွှေ့ပြောင်းအခြေချများအား စိစစ်ရန်အတွက် ဥရောပသမဂ္ဂပြင်ပတွင် စိစစ်သည့်စင်တာများ ထူထောင်ရန် ပြီးခဲ့သောဇွန်တွင် ကျင်းပခဲ့သည့် တင်းမာသောထိပ်သီး၌ သဘောတူညီချက်များ ရရှိခဲ့သည်။ ထိုစိစစ်သည့်စင်တာများသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီနှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချ ဆိုင်ရာအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။

သို့သော် ဥရောပသမဂ္ဂထဲသို့ ဝင်ခွင့်ရရှိနိုင်မည့် ခိုလှုံခွင့်တောင်းခံသူများနှင့် မူမမှန်သော ရွှေ့ပြောင်းအခြေချများအား တာဝန်ရှိသူများက ခွဲခြားပေးမည့် ထိုစိစစ်လက်ခံရေးစင်တာ ထူထောင်ရန်အတွက်မည်သည့် နိုင်ငံကမျှ ကမ်းလှမ်းမှု မရှိသေးပေ။

မော်ရိုကိုက ထိုအစီအစဉ်အား လက်ခံမည်မဟုတ်ဟု ထုတ်ပြန်ထားပြီး တူနီးရှားကလည်း ပယ်ချထားပြီး ဖြစ်သည်။

ထိုစိစစ်လက်ခံရေးစင်တာများသည် မျှော်လင့်ချက်ကင်းမဲ့နေသူများအား မည်သူကမျှ မလိုလားသည့် အဆိပ်သင့်စွန့်ပစ်ပစ္စည်းများကဲ့သို့ စွန့်ပစ်မှုမြောက်နေကြောင်းဆိုကာ အယ်ဘေးနီးယားဝန်ကြီးချုပ် အက်ဒီရာမာကလည်း ထိုအစီအစဉ်ကို ပယ်ချခဲ့သည်။

လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဖွဲ့များသည် ခနော်နီခနော်နဲ့ လှေတစ်စင်းပေါ်မှ အခြားရွှေ့ပြောင်းအခြေချများအား ကယ်တင်ခဲ့သော်လည်း အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့အား ထားရစ်ခဲ့ကြောင်း စပိန်ကယ်ဆယ်ရေးအဖွဲ့ Proactiva Open Arms ၏ အခိုင်အမာထုတ်ပြန်ခဲ့မှုအား လစ်ဗျား ဝန်ကြီးချုပ်က ပယ်ချခဲ့သည်။ စပိန်ကယ်ဆယ်ရေးများက ရောက်ရှိခဲ့ချိန်တွင် ထိုအမျိုးသမီးနှစ်ဦးအနက် တစ်ဦးနှင့် ကလေးတို့သည် သေဆုံးနေပြီဖြစ်ကြောင်း ကျန်အမျိုးသမီးကိုသာ ကယ်တင်နိုင်ခဲ့သည်။

ဥရောပသမဂ္ဂနှင့် ရရှိထားသော အငြင်းပွားဖွယ်သဘောတူညီချက်အရ လစ်ဗျား ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များသည် မြေထဲပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းအခြေချများအား ဟန့်တားရခြင်း ဖြစ်သည်။ ထိုမူဝါဒသည် လူသားမဆန်ဟု ကုလသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent