အမေဇုန်၌ ကုန်ပစ္စည်းဈေးနှုန်းများ လျှော့ချခဲ့စဉ် ဘီဇော့၏ ချမ်းသာကြွယ်ဝမှုများ ထပ်မံမြင့်တက်လာ

အမေဇုန်၌ ကုန်ပစ္စည်းဈေးနှုန်းများ လျှော့ချခဲ့စဉ် ဘီဇော့၏ ချမ်းသာကြွယ်ဝမှုများ ထပ်မံမြင့်တက်လာ
Published 19 July 2018

ဇန်နဝါရီ ၂၉ ရက်တွင် ဆီယက်တယ်ရှိ အမေဇုန်၏ ဆီယက်တယ်ရုံးချုပ် ဖွင့်ပွဲ၌ အမေဇုန်ထူထောင်သူ ဘီဇော့ကို တွေ့ရစဉ် (Photo: Reuters)

အမေဇုန်သည် ယခုနှစ် Prime Day ၌ ကုန်ပစ္စည်းအမျိုးမျိုး၏ တန်ဖိုးကို လျှော့ချပေးခဲ့စဉ် အမေဇုန်၏ တည်ထောင်သူနှင့် အမှုဆောင်ချုပ်ဖြစ်သော ဂျက်ဖ်ဘီဇော့၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးသည် ထပ်မံမြင့်တက်သွားခဲ့ကြောင်း သိရသည်။

တစ်နှစ်လျှင် တစ်ကြိမ်ဖြစ်သော အမေဇုန်၏ Prime Day သည် ယခုသီတင်းပတ်အတွင်းက ကျရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအချို့မှ Amazon Prime အသုံးပြုသူများအတွက် အထူးလျှော့ဈေးများပေးသည့် ၃၆ နာရီကြာမြင့်သော ယခုနှစ် Prime Day တွင် ကမ္ဘာတစ်ဝန်း၌ အရောင်းအဝယ်ပေါင်း တစ်သန်းကျော် ဖြစ်မြောက်ခဲ့သည်ဟု အမေဇုန်က အမွှမ်းတင်ခဲ့သည်။

ဘီဇော့၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးသည် ဇူလိုင် ၁၆ ရက်တွင် ဒေါ်လာဘီလျံ ၁၅၀ အထိ ရှိလာခဲ့သဖြင့် ဘီဇော့သည် ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဘလွန်းဘက်၏ ဘီလျံနာအညွှန်းကိန်းတွင် ဖော်ပြခဲ့သည်။ အမေဇုန်အတွက် ရှယ်ယာဈေးနှုန်းများ မြင့်တက်မှုကြောင့် ယခုနှစ်အတွင်းမှာပင် ဘီဇော့၏ ပိုင်ဆိုင်မှုစုစုပေါင်းမှာ ဒေါ်လာ ဘီလျံ ၅၀ ခန့် ထပ်မံမြင့်တက်စေခဲ့သည်။

ထို့ကြောင့် ဘီဇော့သည် မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် (ခန့်မှန်းခြေ စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာ ၉၅ ဘီလျံ) ထက် များစွာ သာလွန်သွားခဲ့ပြီဖြစ်ကြောင်း ဘလွန်းဘက်၏ စာရင်းအရ သိရသည်။

ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုသည် ၁၉၉၉ ခုနှစ်က တစ်ကြိမ်ခေတ္တခဏ ဒေါ်လာဘီလျံ ၁၀၀ ပြည့်သွားခဲ့ဖူးသည်။ ထို့နောက်ပိုင်းမှစပြီး ဘီဇော့သည် ပိုင်ဆိုင်မှု ဒေါ်လာဘီလျံ ၁၀၀ ပြည့် သို့မဟုတ် ကျော်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်လာဖွယ်ရှိသည်။

သို့သော် သမိုင်းနှင့်ချီ၍ ပြန်လည်ဆန်းစစ်ပါက ဘီဇော့သည် အမေရိကန်ရေနံစီးပွားရေးလုပ်ငန်းရှင်ကြီး ဂျွန်ဒီရောကီဖယ်လာ၊ စကော့တလန်နွယ်ဖွား အမေရိကန်နိုင်ငံသား သံမဏိလုပ်ငန်းရှင် အန်ဒရူးကာနေ့ချ် တို့ကဲ့သို့ ပုဂ္ဂိုလ်များ၏နောက်သို့ ရောက်နေဆဲဖြစ်သည်။ ထိုပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုသည် ငွေကြေးဖောင်းပွမှုတန်ဖိုးနှင့် ညှိနှိုင်း တွက်ချက်ကြည့်ပါက ဒေါ်လာ ဘီလျံ ၃၀၀ ကျော်သွားလိမ့်မည်ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်က ပိုင်ဆိုင်မှုဒေါ်လာ ၃၂ ဘီလျံ ဝန်းကျင်မှ တိုးတက်လာသည့် ဘီဇော့၏ပိုင်ဆိုင်မှုများသည် လက်ဖျားခါစရာဖြစ်သည်။

အသက် ၅၄ နှစ်အရွယ် ဘီဇော့သည် အမေဇုန်ကို အွန်လိုင်းစာအုပ်ရောင်းချသူအဖြစ် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုက စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အမေဇုန်သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်းက အမေဇုန်ရှယ်ယာများ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာဘီလျံ ၈၈၀ နီးပါးသို့ မြင့်တက်သွားခဲ့သည်။

Ref: AFP

Most Read

Most Recent