Melanoma အတွက် ကမ္ဘာ့ပထမဆုံး သွေးစစ်နည်းကို သြစတြေးလျသိပ္ပံပညာရှင်တို့က ဖော်ထုတ်နိုင်ခဲ့

Melanoma အတွက် ကမ္ဘာ့ပထမဆုံး သွေးစစ်နည်းကို သြစတြေးလျသိပ္ပံပညာရှင်တို့က ဖော်ထုတ်နိုင်ခဲ့
Published 19 July 2018

Photo: AP

Melanoma (အရေပြား၌ ဖြစ်ပေါ်သည့် ကင်ဆာဖြစ်နိုင်သော အမည်းအကွက်အပျောက်)ဖြစ်ပွားနေကြောင်း အစောပိုင်းအဆင့်မှာပင် သိရှိနိုင်သည့် သွေးစစ်ဆေးမှုတစ်ခုကို ဖော်ထုတ်နိုင်ပြီဟု သြစတြေးလျသုတေသီများက ဇူလိုင် ၁၈ ရက်တွင် ပြောကြားခဲ့ကြသည်။ ထိုသုတေသီများက ကမ္ဘာ့ပထမဆုံးဖြစ်လာမည့် ထိုသွေးစစ်ဆေးမှု အမျိုးအစားကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု ဆိုကြသည်။

သွေးစစ်မှု အမျိုးအစားအသစ်ကြောင့် ဆရာဝန်များသည် အရေပြားကင်ဆာကို လူ့ခန္ဓာကိုယ်သို့ မပျံ့နှံ့မီမှာပင် သိရှိနိုင်သည်ဟု Edith Cowan တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ “Melanoma ရှိကြောင်း အစောပိုင်းအဆင့်မှာ သိရှိတဲ့ လူနာတွေဟာ အသက်ရှင်နိုင်ခြေ ရာခိုင်နှုန်း၉၀ မှ ၉၉ ကြား ရှိပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ ပြန့်သွားမယ်ဆိုရင်တော့ အသက်ရှင်နိုင်ခြေဟာ ရာခိုင်နှုန်း ၅၀ အောက် နည်းသွားပါလိမ့်မယ်” ဟု သုတေသနခေါင်းဆောင် ပေါလင်းဇင်ကာက ပြောကြားခဲ့သည်။

ဇူလိုင် ၁၈ ရက်က Oncotarge ဂျာနယ်တွင် ဖော်ပြခဲ့သော ယခုသုတေသနလုပ်ငန်းထဲတွင် melanoma ရှိသော လူနာ ၁၀၅ ဦးနှင့် ကျန်းမာသူ ၁၀၄ ဦးတို့အား စမ်းသပ်မှုလည်း ပါဝင်သည်။ ထိုလုပ်ငန်းစဉ်တွင် Melanoma အစောပိုင်း အဆင့်ရှိနေသူများကို စမ်းသပ်သိရှိနိုင်မှုသည် ၇၉ ရာခိုင်နှုန်း ရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် melanoma ကို ဆရာဝန်က visual scan ဖြင့် စမ်းသပ်ကြပြီး ကင်ဆာဖြစ်နိုင်သည့်နေရာများကို ဖြတ်တောက်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းတို့ လုပ်ဆောင်နေကြသည်။

Ref: AFP

Most Read

Most Recent