အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူငါးဦးတွင် သုံးဦးအထိ စံချိန်တင် ဆေးဝါးရရှိနေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူငါးဦးတွင် သုံးဦးအထိ စံချိန်တင် ဆေးဝါးရရှိနေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
Published 19 July 2018

၂၀၁၂ ခုနှစ် မေ ၁၁ ရက်တွင် ပြင်သစ်မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ART ဆေးဘူးတစ်ဘူးအား တွေ့ရစဉ် (Photo: AFP)

ကမ္ဘာတစ်ဝန်းတွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူငါးဦးတွင် သုံးဦးနီးပါးနှုန်း သို့မဟုတ် လူ ၂၁ ဒသမ ၇ သန်းသည် ၂၀၁၇ ခုနှစ်တွင် အေ့ဒ်စ်ရောဂါတိုက်ဖျက်ရေး ဆေးဝါးရရှိခဲ့ကြပြီး စံချိန်တင်မှတ်တမ်းဖြစ်ကြောင်း ကုလသမဂ္ဂ၏ အိတ်ချ်အိုင်ဗွီ၊ အေဒ့်စ်တိုက်ဖျက်ရေးအေဂျင်စီ (UNAIDS) က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကိုယ်ခံအားစနစ် တိုက်ဖျက်သော ပိုးကူးစက်ခံရသူသည် ၃၆ ဒသမ ၉ သန်းရှိခဲ့ပြီး ယင်းတို့အနက် ၁၅ ဒသမ ၂ သန်းသည် ၎င်းတို့လိုအပ်သည့် ဆေးဝါးများကို ရရှိခဲ့ခြင်းမရှိကြောင်း၊ ယင်းပမာဏသည် အေ့ဒ်စ်ရောဂါကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆေးဝါးမရရှိသည့် အနိမ့်ဆုံးပမာဏဖြစ်ကြောင်း UNAIDS က ထုတ်ပြန်ခဲ့သည်။ ရောဂါကူးစက်မှုသစ်နှင့် သေဆုံးမှုသစ်များအား လျှော့ချမှုတွင် တိုးတက်မှုများ ရရှိခဲ့သော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းနှစ်များတွင် ထိုရောဂါကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီးနောက်ပိုင်း ကူးစက်ခံခဲ့ရသူ သန်း ၈၀ နီးပါးနှင့် သေဆုံးသူ ၃၅ ဒသမ ၄ သန်းအထိ ရှိခဲ့မှုအား UNAIDS က ညည်းညူခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွက် သတ်မှတ်ထားသော ရည်မှန်းချက်များအား ပြည့်မီစေရန်နှင့် ထိုတိုးတက်မှုရလဒ်များအား ထိန်းသိမ်းထားနိုင်ရန် နှစ်စဉ် ဒေါ်လာခုနစ်ဘီလျံ (ယူရို ခြောက်ဘီလျံ) လိုအပ်နေကြောင်း UNAIDS အမှုဆောင်ဒါရိုက်တာ မိုက်ကယ်ဆစ်ဒီဘီက ပြောကြားခဲ့သည်။ ထိုရင်းမြစ်များ မရှိပါက ထိုရောဂါကူးစက်မှု တစ်ကျော့ပြန် ဖြစ်ပေါ်လာရန် အန္တရာယ်ကြီးမားကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အေ့ဒ်စ်ရောဂါတိုက်ဖျက်ရေး အစီအစဉ်များအတွက် ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများ၌ ဒေါ်လာဘီလျံ ၂၀ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်များအတွက် အဓိကထောက်ပံ့သူဖြစ်သည့် အမေရိကန် အစိုးရသည် သမ္မတဒေါ်နယ်ထရန့် လက်ထက်တွင်မူ ရန်ပုံငွေထောက်ပံ့မှုကို လျှော့ချသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ကုလသမဂ္ဂ၏ ရည်မှန်းချက်မှာ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူအားလုံး၏ ရာခိုင်နှုန်း ၉၀ သည် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ၎င်းတို့၏ အနေအထားကို သိရှိနိုင်ရန်၊ အေ့ဒ်စ်ရောဂါ တိုက်ဖျက်သည့်ဆေး ART ကို ထိုကူးစက်ခံရသူများ၏ ရာခိုင်နှုန်း ၉၀ ထက်မနည်းက ရရှိစေရန်နှင့် ထိုကူးစက်ခံရသူများ၏ ရာခိုင်နှုန်း ၉၀ တွင် အိတ်ချ်အိုင်ဗွီပိုးကို တိုက်ဖျက်နိုင်ရန် ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူသစ် အရေအတွက်သည် ၁ ဒသမ ၈ သန်းရှိခဲ့ပြီး ယင်းသည် ကူးစက်မှုသစ် ၁ ဒသမ ၉ သန်းရှိခဲ့သည့် ၂၀၁၆ ခုနှစ်ကထက် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုသစ် အရေအတွက်သည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၃ ဒသမ ၄ သန်း ရှိခဲ့သည်။ အေ့ဒ်စ်ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ၉၉၀၀၀၀ ရှိခဲ့ရာမှ ပြီးခဲ့သောနှစ်တွင် ၉၄၀၀၀၀ သို့ ကျဆင်းခဲ့သည်။ သေဆုံးမှု အရေအတွက်သည် ၂၀၀၅ ခုနှစ်တွင် ၁ ဒသမ ၉ သန်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် ၁ ဒသမ ၄ သန်းအထိ ရောက်ရှိခဲ့သည်။ ART ဆေးရရှိသူ အရေအတွက်သည် ၂၀၀၀ ပြည့်နှစ်တွင် ၆၁၁၀၀၀ သာရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁၉ ဒသမ ၄ သန်းအထိ ရောက်ရှိခဲ့ကာ ပြီးခဲ့သောနှစ်တွင်မူ ၂၁ ဒသမ ၇ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း UNAIDS က ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent