ဆီးရီးယားအစိုးရလိုလားသော မြို့နှစ်မြို့မှ ဒေသခံများအား ရွှေ့ပြောင်းပေးရန် သဘောတူညီချက်ရရှိ

ဆီးရီးယားအစိုးရလိုလားသော မြို့နှစ်မြို့မှ ဒေသခံများအား ရွှေ့ပြောင်းပေးရန် သဘောတူညီချက်ရရှိ
Published 19 July 2018

ဇူလိုင် ၁၈ ရက်တွင် ဖူအာနှင့် ကာဖရာယာမြိ့များမှ ဒေသခံများအား ရွှေ့ပြောင်းပေးမည့် ဘတ်စ်ကားတစ်စီးအား တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားအစိုးရလိုလားသော မြို့နှစ်မြို့မှ ဒေသခံများအား ရွှေ့ပြောင်းပေးရန်အတွက် ဇူလိုင် ၁၇ ရက်တွင် သဘောတူညီချက် ရရှိခဲ့ပြီးနောက် သူပုန်များ၏ သုံးနှစ်ကြာ ဝိုင်းရံခံထားရသော ထိုမြို့များမှ လူထောင်ပေါင်းများစွာသည် ထွက်ခွာခွင့်ရရှိမည်ဖြစ်သည်။ ခုနစ်နှစ်ကြာမြင့်လာပြီဖြစ်သော ဆီးရီးယား ပြည်တွင်းစစ်ပဋိပက္ခအတွင်း အစိုးရတပ်များက အလယ်ခေတ်နည်းဗျူဟာ အများစုကို အသုံးပြုခဲ့သည့်နိုင်ငံထဲတွင် ဖူအာနှင့် ကာဖရာယာမြို့တို့သည် ဝိုင်းရံပိတ်ဆို့ခံထားရသည့် နောက်ဆုံးကျန်နေသော မြို့များဖြစ်သည်။

ဝိုင်းရံပိတ်ဆို့ခံထားရပြီး ဗုံးကြဲမှုများလည်း ကြုံတွေ့ခဲ့ရသည့် ရှီအိုက်အများစု နေထိုင်သော ထိုမြို့များသည် အစိုးရအတွက် တိုက်ပွဲခေါ်သည့်နေရာနှင့် သူပုန်များ၏လက်ထဲမှ ဖဲတစ်ချပ်ပါ ဖြစ်ခဲ့သည်။ ဆီးရီးယားအစိုးရမဟာမိတ် မော်စကိုနှင့် သူပုန်များအား ထောက်ပံ့သည့် အင်ကာရာတို့အကြား ဇူလိုင် ၁၇ ရက်တွင် ရရှိခဲ့သော အဓိက သဘောတူညီချက်တစ်ခုအရ ထိုမြို့များမှ ဒေသခံအားလုံးသည် ထွက်ခွာမည်ဟု မျှော်လင့်ရသည်။

သူပုန်များနှင့် ဆီးရီးယားရှိ အယ်ကေးဒါးဆက်နွှယ်အဖွဲ့ဟောင်း Hayat Tahriral Sham (HTS) တို့က ပိတ်ဆို့ထားသည့် ထိုမြို့များမှ ဒေသခံများအား အလက်ပိုပြည်နယ်မှ အစိုးရထိန်းချုပ်သောဒေသများသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ အပြန်အလှန်အားဖြင့် ဆီးရီးယားအစိုးရ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ထိန်းသိမ်းရေးစင်တာများမှ လူရာပေါင်းများစွာကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထိုစောင့်ကြည့်အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

ထိုမြို့နှစ်မြို့မှ သူပုန်များနှင့် အရပ်သားများ အပါအဝင် လူ ၆၉၀၀ အား ဘတ်စ်ကားအစီး ၁၀၀ ကျော်ဖြင့် ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း HTS ဂျီဟတ်အဖွဲ့မှ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုခဲ့သည်။ အပြန်အလှန်အားဖြင့် ဆီးရီးယားအစိုးရ၏ထောင်များမှ လူ ၁၅၀၀ ခန့်ကို လွှတ်ပေးမည်ဖြစ်ကြောင်း ထိုသတင်းရင်းမြစ်က ဆိုခဲ့သည်။

သူပုန်များနှင့် ဂျီဟတ်များက ထိုမြို့များ၏ အနီးဝန်းကျင်ရှိ အိုင်ဒလစ်ပြည်နယ်အား ထိန်းချုပ်ခဲ့ချိန်တွင် ၂၀၁၅ ခုနှစ်၌ ထိုမြို့နှစ်မြို့သည် ဝိုင်းရံပိတ်ဆို့ ခံထားရခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့် ကုလသမဂ္ဂ အကူအညီပေးပို့မှုများ၏ အပြင်ဘက်မှ ဒေသခံများအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ ပေးပို့မှုသည် ပြတ်တောက်ခဲ့သည်။ ထိုသေးငယ်သောမြို့နှစ်မြို့မှ ဒေသခံများအား ရွှေ့ပြောင်းပေးရန် သဘောတူညီချက်ရရှိမှုသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။

၂၀၁၇ ခုနှစ် ဧပြီတွင် ဖူအာနှင့် ကာဖရာယာမြို့များမှ လူထောင်ပေါင်းများစွာကို ဘတ်စ်ကားများဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အစိုးရ၏ ဝိုင်းရံပိတ်ဆို့ခံထားရသည့် မြို့တော်ဒမတ်စကတ်အနီး မြို့နှစ်မြို့မှ ဒေသခံများကိုလည်း အလားတူ ရွှေ့ပြောင်းပေးခဲ့သည်။ သို့သော် ထိုမြို့နှစ်မြို့မှ ရွှေ့ပြောင်းလာသူများ လိုက်ပါလာသော ယာဉ်တန်းတစ်ခုအား ပစ်မှတ်ထားသည့် ပေါက်ကွဲမှုတစ်ခုကြောင့် ကလေး ၇၂ ဦး အပါအဝင် အရပ်သားအများစုပါဝင်သည့် လူ ၁၅၀ သေဆုံးခဲ့ရကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent