<

အိန္ဒိယတွင် ခြောက်ထပ်အဆောက်အဦး ပြိုကျမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံး

ဇူလိုင် ၁၈ ရက်တွင် ဥတာပရာဒေ့ရှ်ပြည်နယ်၌ အဆောက်အအုံ ပြိုကျခဲ့သည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြစဉ် (Photo: AFP)

နယူးဒေလီမြို့ပြင်တွင် လူနေအိမ်ရာဝင်းအနီးရှိ ခြောက်ထပ်အဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၂ ဦး ပျောက်ဆုံးနေကြောင်း၊ အုတ်ကျိုးအုတ်ပဲ့များအောက်၌ ပိမိနေသော လူများကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေကြကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံသည် ဇူလိုင် ၁၇ ရက် ညအချိန်၌ ပြိုကျခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ နေထိုင်သူ အများအပြား မရှိသေးပေ။

ခြောက်ထပ်အဆောက်အအုံသည် အသစ်ဆောက်လုပ်ထားသော လေးထပ်အဆောက်အအုံပေါ်သို့ ပြိုကျခြင်းဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး ဇူလိုင် ၁၈ ရက် နံနက်ခင်းအချိန်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက ဂရိတ်တာနိုအီဒါမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ၌ ပြိုကျထားသော သံတိုင်များနှင့် ကွန်ကရစ်တုံးများအောက်မှ အလောင်းသုံးလောင်းကို ဆွဲထုတ်ခဲ့ရသည်။

“အပျက်အစီးတွေအောက်က အလောင်းသုံးလောင်း တွေ့ရှိခဲ့ပါတယ်။ လူဘယ်နှယောက် ပိမိနေတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိရသေးပါဘူး။ ၁၂ ဦးလောက် အပျက်အစီးတွေအောက်မှာ ပိမိနေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု ဒေသခံရဲအရာရှိ အာရွန်ကူမာက ပြောကြားခဲ့သည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ အဆောက်အအုံတွင် နေထိုင်သူအများအပြား မရှိကြောင်းနှင့် ဆောက်လုပ်ရေးသမား အများစုသာ နေထိုင်ကြကြောင်း သိရသည်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုက လူ ၅၀ ထက်မနည်းသည် အပျက်အစီးများအောက်၌ ပိမိနေကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အရည်အသွေးနိမ့်သော ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုခြင်းကြောင့် မုတ်သုံရာသီ ၀င်ရောက်ချိန်အတွင်း အဆောက်အအုံ ပြိုကျမှုများသည် အိန္ဒိယတွင် ပိုမိုဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်ပြည်သူများက ပြောကြားခဲ့သည်။

မြေပိုင်ရှင်အပါအ၀င် လူသုံးဦးအား ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ရဲအရာရှိ အနစ်ရှ်ကူမာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အပျက်အစီးများကို ရှင်းလင်းပြီး အလောင်းများကို ရှာဖွေရန်အတွက် ကယ်ဆယ်ရေးလုပ်သား ၁၀၀ ၀န်းကျင်သည် သံမဏိဖြတ်စက်များနှင့် စက်ယန္တရားကြီးများကို အသုံးပြုခဲ့ကြပြီး အသက်ရှင်ကျန်သူများကို ကူညီရှာဖွေရန်အတွက်လည်း အနံ့ခံခွေးများ စေလွှတ်ထားကြောင်း သိရသည်။

ယမန်နှစ်ကလည်း မွမ်ဘိုင်းမြို့တွင် သက်တမ်းနှစ် ၁၀၀ ရှိသည့် နေအိမ်တစ်လုံး ပြိုကျခဲ့ရာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့သည်။

Ref: AFP/Reuters

July 18, 2018














Copy Protected by Chetan's WP-Copyprotect.