Air Force One လေယာဉ်ကို အနီ၊ အဖြူ၊ အပြာ အရောင်သုတ်မည်ဟု ထရန့် ပြောကြား

Air Force One လေယာဉ်ကို အနီ၊ အဖြူ၊ အပြာ အရောင်သုတ်မည်ဟု ထရန့် ပြောကြား
Published 19 July 2018

ဇူလိုင် ၁၅ ရက်တွင် ရုရှားသမ္မတပူတင်နှင့် ထိပ်သီးပြုလုပ်မည့် ဟယ်ဆင်ကီးသို့ ထွက်ခွာလာသော အမေရိကန်သမ္မတထရန့် လိုက်ပါလာသည့် Air Force One လေယာဉ်ကို တွေ့ရစဉ် (Photo: AFP)

Air Force One လေယာဉ်၏ ကာလရှည်ကြာ အမှတ်လက္ခဏာဖြစ်နေသော အဖြူနှင့် အပြာအရောင် ဒီဇိုင်းသည် မကြာမီတွင် ခေတ်ကုန်တော့ဖွယ် ရှိနေသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မျိုးဆက်သစ် သမ္မတလေယာဉ်တို့ကို ဆေးအရောင်ပြောင်းသုတ်မည့် အစီအစဉ်အား ဇူလိုင် ၁၇ ရက်က ထုတ်လွှင့်ခဲ့သော CBS သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုအတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

“အနီ၊ အဖြူနဲ့ အပြာရောင်သုတ်မှာပါ” ဟု ထရန့်က ပြောကြားရင်း မျိုးဆက်သစ် Air Force One လေယာဉ်အား အမေရိကန်အလံ၌ ပါဝင်သည့် အရောင်များဖြင့်သုတ်မည့် ၎င်း၏ အစီအစဉ်ကို ထုတ်ဖော်ခဲ့သည်။ “Air Force One လေယာဉ်ဟာ အလွန်ကို ထူးခြားသွားမှာပါ” ဟု ထရန့်က ဆိုသည်။

အမေရိကန်သမ္မတစီးမည့် မျိုးဆက်သစ် ဂျက်လေယာဉ်ကို အမေရိကန်လေယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ဘိုရင်းက ပံ့ပိုးပေးမည်ဖြစ်သည်။ သို့သော် ထိုမျိုးဆက်သစ် လေယာဉ်သည် လာမည့်နှစ်များအတွင်း ပျံသန်းဖြစ်ဦးမည် မဟုတ်ပေ။

“Air Force One ဟာ ကမ္ဘာ့ထိပ်တန်း ဖြစ်လာမှာပါ။ လေယာဉ်ရဲ့အရောင်ဟာ အနီ၊ အဖြူ၊ အပြာရောင်ဖြစ်လာမှာဖြစ်ပြီး ဒါဟာ သင့်တော်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်နှင့် ထိုမေးမြန်းခန်း ထုတ်လွှင့်သည့်နေ့မှာပင် Air Force One လေယာဉ် သစ်နှစ်စင်းကို ဆောက်လုပ်ရန် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်ကို ဘိုရင်းနှင့် ချုပ်ဆိုလိုက်ပြီဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

“ဘိုရင်းနဲ့ ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုကို ချုပ်နိုင်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံနိုင်ခဲ့ကြတယ်” ဟု ထရန့်က CBS သို့ ပြောကြားခဲ့ပြီး ၎င်းသည် ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ချွေတာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

“ဒါပေမဲ့ လေယာဉ်သစ်တွေမှာ အပြာနုအရောင်ကိုပဲ ဆက်သုံးသင့် မသင့် မေးလိုက်ပါသေးတယ်။ ကျွန်တော်တို့ အဲဒီအရောင်ကို သုံးမှာမဟုတ်တော့ပါဘူး” ဟု ထရန့်က ဆိုသည်။

သို့သော် ထရန့်သည် Air Force One လေယာဉ်၏ အပြီးသတ် ကုန်ကျစရိတ်နှင့် ပတ်သက်၍ ယခင်က ဝေဖန်ခဲ့ဖူးသည်။

“ဘိုရင်းဟာ အနာဂတ်အမေရိကန် သမ္မတတွေအတွက် 747 လေယာဉ်သစ်ကို တည်ဆောက်နေပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါပြီ။ ဒေါ်လာလေးဘီလျံကျော်တဲ့အတွက် အော်ဒါမှာယူမှုကို ဖျက်သိမ်းလိုက်ပါ” ဟု ထရန့်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက Twitter ပေါ်တွင် ရေးခဲ့ဖူးသည်။

အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီ လက်ထက်ကတည်းက Air Force One လေယာဉ်များကို အပြာနှင့် အဖြူအရောင် ရောစပ်သည့် ဒီဇိုင်းဖြင့် သုတ်ခဲ့ကြခြင်းဖြစ်သည်။ ယင်း Air Force One လေယာဉ်များသည် သမ္မတများအတွက် အထူးဒီဇိုင်းထွင်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုလေယာဉ်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှသာ ပြီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထရန့်ကလည်း ထိုလေယာဉ်များသည် အနာဂတ်သမ္မတများအတွက် ဖြစ်လိမ့်မည်ဟု CBS သို့ ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent