ကမ္ဘာကြီးသည် ပုံမှန်မဟုတ်ဘဲ မရေရာသော အချိန်ကာလသို့ ရောက်နေကြောင်း အိုဘားမား သတိပေး

ကမ္ဘာကြီးသည် ပုံမှန်မဟုတ်ဘဲ မရေရာသော အချိန်ကာလသို့ ရောက်နေကြောင်း အိုဘားမား သတိပေး
Published 19 July 2018

ဇူလိုင် ၁၇ ရက်တွင် ဂျိုဟန်နက်စဘတ်မြို့ရှိ Wanderers ခရစ်ကတ်အားကစားကွင်း၌ အမေရိကန်သမ္မတဟောင်း အိုဘားမားက မိန့်ခွန်းပြောနေစဉ် (Photo: AFP)

ကမ္ဘာကြီးသည် ပုံမှန်မဟုတ်ဘဲ မရေရာသော အချိန်ကာလသို့ ကျရောက်နေကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေးပြယုဂ် နယ်ဆင်မင်ဒဲလားအား ဂုဏ်ပြုမှုတွင် ဇူလိုင် ၁၇ ရက်၌ သတိပေး ပြောကြားခဲ့သည်။ ယင်းသတိပေးမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား တိုက်ခိုက်မှုအဖြစ် ရှုမြင်ခံရသည်။

၎င်း၏နေရာအား ဆက်ခံသူအား အိုဘားမားက တိုက်ရိုက်မရည်ညွှန်းခဲ့သော်လည်း အချက်အလက်များအား အရေးမစိုက်ဘဲ အရှက်တရားကင်းမဲ့စွာ လိမ်လည်မှုများ ပြောဆိုနေသည့် ခေါင်းဆောင်များကြောင့် အကြောက်တရားနှင့် မကျေမချမ်းဖြစ်မှု နိုင်ငံရေးသည် ပျံ့နှံ့နေကြောင်းလည်း သတိပေးခဲ့သည်။ ထရန့်၏ အငြင်းပွားဖွယ် ဝိသေသ လက္ခဏာများအဖြစ် အမြဲတမ်းရှုမြင်ခံခဲ့ရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အား ငြင်းဆန်မှု၊ လူမျိုးရေးကို အခြေပြုသော ရွှေ့ပြောင်းအခြေချမူဝါဒများ၊ မထိန်းမသိမ်းနိုင်လောက်အောင် ပြင်းထန်သည့် အရင်းရှင်ဝါဒ၊ အာဏာရှင်ဆန်သော မူဝါဒများကိုလည်း အိုဘားမားက ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့သည်။

နယ်ဆင်မင်ဒဲလား၏ မွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနား ကျင်းပခဲ့သော ဂျိုဟန်နက်စဘတ်မြို့တွင် ခရစ်ကတ်အားကစားကွင်း၌ လူ ၁၀၀၀၀ ကျော်အား အိုဘားမားက ဇူလိုင် ၁၇ ရက်၌ မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။ မင်ဒဲလားမွေးနေ့အား ဇူလိုင် ၁၈ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ကြသည်။

ပုံမှန်မဟုတ်ဘဲ မရေရာသော အချိန်ကာလသို့ ရောက်ရှိနေချိန်၌ နေ့ရက်တိုင်းတွင် သတင်းများက ခေါင်းများကို ပို၍ ချာချာလည်လည်စေပြီး အနှောင့်အယှက် ဖြစ်စေသည့် ခေါင်းစီးများ ဖြစ်နေကြောင်း၊ ခဏတာဖြစ်ဖြစ် အနားယူမှုက အသုံးဝင်လိမ့်မည်ဖြစ်ပြီး ရှုထောင့်တစ်ချို့ ရရှိမည်ဖြစ်ကြောင်း အိုဘားမားက ၎င်း၏မိန့်ခွန်း၌ ပြောကြားခဲ့သည်။

ယင်းသည် ပျက်ကွက်သော အစိုးရများနှင့် သြဇာကြီး နိုင်ငံရေးအထက်လွှာများကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း၊ ယခုအခါ ကမ္ဘာကြီး၏ နေရာအများအပြားတွင် ပို၍ အန္တရာယ်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော ခေတ်ဟောင်းနည်းလမ်းသို့ ပြန်သွားရန် ခြိမ်းခြောက်နေကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။ ရွှေ့ပြောင်းအခြေချအရေးနှင့် ပတ်သက်၍ အိုဘားမားက နိုင်ငံနယ်စပ်များသည် အရေးပါကြောင်း အခိုင်အမာ ပြောကြားနေမှုများသည် မမှားယွင်းကြောင်း၊ သို့သော် လူမျိုး သို့မဟုတ် ကိုးကွယ်သည့်ဘာသာကို အခြေခံမှုသည် လူဝင်မှုကြီးကြပ်ရေးမူဝါဒများအတွက် ဆင်ခြေတစ်ခု ဖြစ်၍မရကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း အိုဘားမားသည် လူမြင်ကွင်းသို့ထွက်လာမှု အတော်အသင့် နည်းပါးခဲ့သည်။ သို့သော် အိုဘားမားက ၎င်း၏ဘဝတွင် မင်ဒဲလားသည် အလွန်အမင်း လှုံ့ဆော်ပေးနိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဂုဏ်ပြုခဲ့သည်။ အိုဘားမားသည် မင်ဒဲလားအား ၂၀၀၅ ခုနှစ်တွင် အခိုက်အတန့်သာ တွေ့ခဲ့ရသော်လည်း ၎င်း၏နာရေးအခမ်းအနား၌မူ အိုဘားမားက မင်ဒဲလားကြောင့် ကောင်းမွန်သောလူတစ်ဦးဖြစ်လိုခဲ့ကြောင်း၊ မင်ဒဲလားသည် ၂၀ ရာစု၏ နောက်ဆုံး ကြီးမြတ်သော လွတ်မြောက်သူဖြစ်ကြောင်းလည်း ဂုဏ်ပြုခဲ့သည်။

Ref: AFP

Most Read

Most Recent