ကမ္ဘောဒီးယားအစိုးရက ရွေးကောက်ပွဲအား သပိတ်မှောက်ရန်စည်းရုံးခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်

ကမ္ဘောဒီးယားအစိုးရက ရွေးကောက်ပွဲအား သပိတ်မှောက်ရန်စည်းရုံးခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်
Published 18 July 2018

ဇူလိုင် ၁၇ ရက်တွင် ဖနွမ်းပင်မြို့၌ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ဖျက်မရသော မင်ကို စမ်းသပ်ပြနေစဉ် (Photo - AFP)

 

အငြင်းပွားစရာရွေးကောက်ပွဲအား သပိတ်မှောက်ကြရန် ဆော်သြတိုက်တွန်းမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြောင်း ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ဝေဖန်သူများကို တရားစွဲရန် အာဏာပိုင်များသည် ယခုအချိန်ကတည်းက လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီသည် ယမန်နှစ်က တရားရုံးအမိန့်ကြောင့် ဖျက်သိမ်းလိုက်ရပြီး အစိုးရကလည်း လူမှုအဖွဲ့အစည်းများ၊ မီဒီယာများအပေါ်တွင် ဖိအားများတိုးမြှင့်ပေးနေသည်။ ထိုစဉ် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အာဏာရှင်ခေါင်းဆောင် ဟွန်ဆန်သည် ၃၃ နှစ် ကြာမြင့်ပြီဖြစ်သော ၎င်း၏ သက်တမ်းကို ထပ်မံတိုးမြှင့်ရန် ချိန်ရွယ်ထားသည်။

အတိုက်အခံခေါင်းဆောင်များထဲမှ အများစုမှာမူ အစိုးရ၏ကျယ်ပြန့်သော နှိမ်နင်းမှုကြီးကြောင့် ပြည်ပသို့ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တို့သည် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကို ဆန္ဒပြသည့်အနေနှင့် မဲမပေးဘဲနေကြရန် တိုက်တွန်းလှုံ့ဆောင်မှုများ လုပ်ဆောင်လာကြသည်။

“ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ စည်းရုံးမှုတွေ ဒါမှမဟုတ် မဲဆန္ဒရှင်တွေကို မဲသွားမပေးဖို့ ကဖျက်ကယက်လုပ်ဆောင်မှုတွေဟာ ရာဇဝတ်မှု ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်မှ အထွေထွေအတွင်းရေးမှူး တတ်နိုင်သာက ပြောကြားခဲ့သည်။

သပိတ်မှောက်မှုထဲ၌ ပါဝင်သူများအား ဥပဒေအရအရေးယူသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ အရာရှိများအား ရိုင်းစိုင်းသည့် စကားများနှင့် ဆဲရေးမှုများ ပြုလုပ်သူများကို အာဏာပိုင်များက စတင်အရေးယူရန် လုပ်ဆောင်နေပြီဖြစ်သည်။

အစိုးရသည် သပိတ်မှောက်ရန်စည်းရုံးသူများကို တရားစွဲမည့် အကြောင်းယခင်ကတည်းက သတိပေးထားခဲ့သည်။ ထိုစဉ် အထွေထွေအတွင်းရေးမှူး တတ်နိုင်သာသည် ထိုအန္တရာယ်ကို ထပ်မံချိုးနှိမ်ရင်း မင်အိုးမြောက်မြားစွာကို ဇူလိုင် ၁၇ ရက်က ထုတ်ပြခဲ့သည်။

ရွေးကောက်ပွဲအား သပိတ်မှောက်ရန် ထောက်ခံသူများသည် လူမှုမီဒီယာများတွင်  သန့်စင်သည့် လက်ချောင်းပုံများကို ရိုက်ကူးထားသည့် ဓာတ်ပုံများအား တင်ခဲ့ကြသည်။ ယင်းသင်္ကေတသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွင်း အသုံးပြုမည့် မင်အိုးများထဲသို့ လက်ချောင်းများကို မနှစ်ကြရန် တိုက်တွန်းသည့် အဓိပ္ပာယ်ဖြစ်သည်။

Ref ; AFP

Most Read

Most Recent