တန်ပြန်စည်းကြပ်ခွန်များ ချမှတ်မှုနှင့်ပတ်သက်၍ အမေရိကန်က WTO ၌ စိန်ခေါ်

တန်ပြန်စည်းကြပ်ခွန်များ ချမှတ်မှုနှင့်ပတ်သက်၍ အမေရိကန်က WTO ၌ စိန်ခေါ်
Published 18 July 2018

ဇူလိုင် ၁၃ ရက်တွင် တရုတ်အရှေ့ပိုင်း အန်ဟွေးပြည်နယ်၌ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်သမားများက အလံများအား ချုပ်လုပ်နေစဉ် (Photo - AFP)

တရုတ်နှင့် အခြားမဟာမိတ်နိုင်ငံတို့၏ သတ္တုနှင့်ကုန်ပစ္စည်းများအား သမ္မတဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုများကြောင့်  ထိုနိုင်ငံတို့က လက်တုံ့ပြန်နေကြမှုများအပေါ် ပြန်လည်တုံ့ပြန်ရန်အတွက် အမေရိကန်သည် ဇူလိုင် ၁၆ ရက်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် စတင်စိန်ခေါ်လိုက်ကြောင်း သိရသည်။

အမေရိကန်သည် တရုတ်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ မက္ကဆီကို၊ တူရကီတို့နှင့် ကုန်သွယ်ရေး ပဋိပက္ခ သီးခြားစီဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုစဉ် အမေရိကန်အစိုးရက ၎င်းတို့နိုင်ငံ၏ စိုက်ပျိုးပို့ကုန်များ၊ စက်ပစ္စည်းများအပေါ် ထိုနိုင်ငံများက ပြန်လည်တုံ့ပြန်ချမှတ်သည့် အခွန်စည်းကြပ်မှုများနှင့် ပတ်သက်၍ စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု အမေရိကန်ကုန်သွယ်ရေးဝန်ကြီးက ပြောသည်ကို ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

အမေရိကန်၏ လုပ်ရပ်များနှင့်ပတ်သက်၍ ဒေါသထွက်နေကြစဉ် အိမ်ဖြူတော်ကမူ ထိုနိုင်ငံများ၏ မမျှတသော ကုန်သွယ်ရေး လုပ်ဆောင်ချက်တို့ကြောင့် ထရန့်က အထိနာသော အခွန်စည်းကြပ်မှုများ ချမှတ်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်မှာ သင့်တင့်မျှတကြောင်း၊ သို့သော် တန်ပြန်လက်တုံ့ပြန်မှုများမှာမူ မှန်ကန်သည့်ကိစ္စမဟုတ်ကြောင်း ဆိုခဲ့သည်။ “သမ္မတရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဥပဒေနဲ့ အလုံးစုံညီညွတ်ပြီး အမေရိကန်ရဲ့ ဥပဒေရော၊ နိုင်ငံတကာနဲ့ပါ ကျိုးကြောင်း သင့်လျော်ပါတယ်” ဟု အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ရောဘတ်လိုက်သီဇာက ပြောခဲ့သည်။

“ပုံမှန်ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်ရမယ့်အစား ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေထဲက အချို့ဟာ အမေရိကန် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကုမ္ပဏီတွေကို ထိခိုက်စေဖို့ရည်ရွယ်ထားတဲ့ လက်တုံ့ပြန်အခွန်စည်းကြပ်မှုတွေနဲ့ တုံ့ပြန်ဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်” ဟု လိုက်သီဇာက ပြောကြားခဲ့သည်။ တန်ပြန်အခွန်စည်းကြပ်သည့် လုပ်ရပ်သည် WTO က ချမှတ်ထားသော တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုမရှိဟုလည်း ၎င်းက ဆိုသည်။

အမေရိကန်သည် မတ်လကစပြီး တရုတ်နှင့် ၎င်း၏ ကာလရှည်မဟာမိတ်များ၏ ဒေါ်လာဘီလျံနှင့်ချီသော သွင်းကုန်များအပေါ် အခွန်များ စည်းကြပ်ခြင်းဖြင့် ဖိအားများ တိုးမြှင့်ပေးခဲ့သည်။

WTO တွင် အမေရိကန်၏ ယခုစိန်ခေါ်မှုအသစ်များနှင့် ပတ်သက်၍ မိမိနိုင်ငံကို ကာကွယ်သွားမည်ဟု မက္ကဆီကို စီးပွားရေးဝန်ကြီးဌာနက ကတိပြုထားသည်။ “အမေရိကန်အစိုးရဟာ မက္ကဆီကိုရဲ့ သံမဏိနဲ့ အလူမီနီယံပို့ကုန်တွေအပေါ် မမျှမတအခွန် တွေချမှတ်တဲ့အတွက် မက္ကဆီကိုက ပြန်လည်ချမှတ်ရတာ ဖြစ်ပါတယ်။ မက္ကဆီကိုရဲ့ သံမဏိနဲ့ အလူမီနီယံတွေကို အမေရိကန်က ဝယ်ယူတာဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့သဘော မသက်ရောက်ပါဘူး” ဟု မက္ကဆီကိုက ထုတ်ပြန်ခဲ့သည်။

တန်ပြန်လက်တုံ့ပြန်အခွန်စည်းကြပ်မှုများသည် လက်ရှိတွင် ဒေါ်လာ ၇၅ ဘီလျံဖိုးရှိသော အမေရိကန်တင်ပို့ကုန်များပေါ်တွင် သက်ရောက်နေပြီဟု သိရသည်။ ထို့ပြင် ယင်းလက်တုံ့ပြန်မှုများသည် အာဏာရရီ ပတ်ဘလီကင်ပါတီက ကြီးကြီးမားမားမှီခိုနေရသော မဲဆန္ဒနယ်များကို ပစ်မှတ်ထားနေကြသည်ဟုလည်း အမေရိကန်ကုန်သွယ်ရေးဌာနက ဆိုသည်။

Ref; AFP

Most Read

Most Recent