ဗြိတိန်က တိုင်ဖွန်းတိုက်လေယာဉ်နေရာတွင် အစားထိုးမည့် Tempest တိုက်လေယာဉ်သစ်အစီအစဉ်ကို ထုတ်ပြန်

ဗြိတိန်က တိုင်ဖွန်းတိုက်လေယာဉ်နေရာတွင် အစားထိုးမည့် Tempest တိုက်လေယာဉ်သစ်အစီအစဉ်ကို ထုတ်ပြန်
Published 18 July 2018

ဇူလိုင် ၁၆ ရက်တွင် လန်ဒန်အနောက်တောင်ပိုင်း၌ Farnborough လေကြောင်းပြပွဲ၌ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက Tempest တိုက်လေယာဉ်သစ်ပုံစံအား ထုတ်ဖော်ပြသခဲ့စဉ် (Photo - AFP)

ဗြိတိန်သည် လေတပ်တွင် အသုံးပြုနေသော ‘ယူရိုဖိုက်တာတိုင်ဖွန်း’ တိုက်လေယာဉ်များနေရာ၌ အစားထိုးမည့် Tempest  တိုက်လေယာဉ်သစ် အစီအစဉ်များကို ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Brexit အပြီးတွင် ဗြိတိန်သည် စစ်ဘက်သြဇာအဆင့်-၁ ဟုခေါ်သော အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက မျှော်လင့်ထားသည့် ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်သစ် စိတ်ကူးပုံစံကို ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ဇူလိုင် ၁၆ ရက်တွင် Franborough လေကြောင်းပြပွဲ၌ ထုတ်ပြန်ခဲ့သည်။ ဗြိတိန်သည်  အားကျစရာကောင်းသော ကျွမ်းကျင်မှုနှင့် နည်းပညာများဖြင့် ဝေဟင်တိုက်ခိုက်ရေး ကဏ္ဍတွင် ကမ္ဘာပေါ်၌ ရာစုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့ကြောင်း၊ ယခုမဟာဗျူဟာသည်  ၎င်းတို့က ထိုလမ်းကြောင်းအတိုင်းသွားရန် စိတ်ပိုင်းဖြတ်မှုကို ရှင်းရှင်းလင်းလင်း ပြသနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Tempest တိုက်လေယာဉ်အား လက်ရှိအသုံးပြုနေသော တိုင်ဖွန်းတိုက်လေယာဉ်များနှင့် အမေရိကန်လုပ် F- 35  တိုက်လေယာဉ်များနှင့်အတူ ၂၀၃၅ ခုနှစ်မတိုင်မီအထိ ပူးတွဲအသုံးပြုနိုင်ရန် လိုလားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုတိုက်လေယာဉ်အား တည်ဆောက်ရန် ယခုအချိန်မှစ၍ ၂၀၂၅ ခုနှစ်အကြား ပေါင်နှစ်ဘီလျံကို သုံးစွဲသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ အနာဂတ် ဝေဟင်တိုက်ခိုက်ရေး နည်းပညာများအတွက် ၂၀၁၅ ခုနှစ်တွင် လျာထားခဲ့သည့် အသုံးစရိတ်များကို ထိုတိုက်လေယာဉ်သစ်အစီ အစဉ်အတွက် သုံးစွဲနေပြီး ထိုစီမံကိန်းတစ်ခုလုံး၏ ခန့်မှန်းကုန်ကျစရိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။ ထိုတိုက်လေယာဉ်သစ်သည် မောင်းသူမဲ့အဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး ခေတ်သစ်ခြိမ်းခြောက်မှုများအား တုံ့ပြန်ဖြေရှင်းနိုင်ရန် မျိုးဆက်သစ်နည်းပညာများလည်း ပါဝင်မည်ဖြစ်ကြောင်း ဗြိတိန်က ထုတ်ပြန်ခဲ့သည်။

Tempest တိုက်လေယာဉ်သစ်အား တည်ဆောက်မှုတွင် ဗြိတိန်ကာကွယ်ရေး ကုမ္ပဏီ BAE Systems က ဦးဆောင်မည်ဖြစ်ပြီး အင်ဂျင်ထုတ်လုပ်သည့်ကုမ္ပဏီ Rolls Royce ၊ အီတလီအာကာသလေကြောင်း ကုမ္ပဏီ Leonardo နှင့် ဥရောပဖြတ်ကျော်  ဒုံးထုတ်လုပ်ရေးကုမ္ပဏီ MBDA တို့ကလည်း ပါဝင်ကြမည်ဖြစ်သည်။ သို့သော် ၂၀၂၅ ခုနှစ်မတိုင်မီ လိုအပ်မှုများကို ပြည့်မီရန်အတွက် တည်ဆောက်နိုင်ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးပေ။ ထိုတိုက်လေယာဉ်သစ်အား ၂၀၃၅ ခုနှစ်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ရည်မှန်းထားသည်။

ဗြိတိန်လေတပ်က တိုင်ဖွန်းတိုက်လေယာဉ်များအား ၂၀၄၀ ပြည့်နှစ်တွင် အနား ပေးရန် စီစဉ်ထားချိန်၌ ယင်းလေယာဉ်များ နှင့် Tempest  တိုက်လေယာဉ်သစ်များအား ၂၀၃၅ ခုနှစ်နောက်ပိုင်း ပူးတွဲအသုံးပြုနိုင်ရန် ရည်မှန်းထားသည်။ ယခုတိုက်လေယာဉ်သစ်သည် BAE Systems နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော အမေရိကန်လက်နက်ကုမ္ပဏီ Lock heed Martin ထုတ် F – 35 တိုက်လေယာဉ် ၁၃၈ စင်းအားမှာယူထားမှုကို သက်ရောက်မည် မဟုတ်ပေ။

Ref ; Guardian

Most Read

Most Recent