ယခင်အစိုးရများ၏ ရူးနှမ်းမှုကြောင့် အမေရိကန်နှင့် ရုရှား ဆက်ဆံရေး ထိုးကျခဲ့ခြင်း ဖြစ်သည်ဟု ထရန့်က ဝေဖန်တိုက်ခိုက်

ယခင်အစိုးရများ၏ ရူးနှမ်းမှုကြောင့် အမေရိကန်နှင့် ရုရှား ဆက်ဆံရေး ထိုးကျခဲ့ခြင်း ဖြစ်သည်ဟု ထရန့်က ဝေဖန်တိုက်ခိုက်
Published 17 July 2018

ဇူလိုင် ၁၆ ရက်တွင် ဟယ်ဆင်ကီး၌ အမေရိကန်သမ္မတ ထရန့်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေစဉ် (Photo: AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပထမဆုံး ထိပ်သီးတွင် ၎င်းတို့အကြား ဆက်ဆံရေး ပိုမို ခိုင်မာလာစေရန် စိတ်ပိုင်းဖြတ်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခင်အစိုးရများ၏ ရူးနှမ်းမှုများကြောင့်သာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ယခုအခြေအနေတွင် အနိမ့်ဆုံးသို့ ထိုးဆင်းခဲ့ရခြင်း ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှား၏ ကြိုးကိုင်ခြယ်လှယ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်မှုနှင့် ပတ်သက်၍ ပူတင်အား ဖိအားပေး၊ မပေးကို မေးမြန်းခဲ့ရာ ထရန့်က “ကျုပ်တို့တွေ ကောင်းကောင်း လုပ်ဆောင်မှာပါ” ဟုသာ ဖြေကြားခဲ့သည်။ ရွေးကောက်ပွဲတွင် ရုရှား၏ စွက်ဖက်မှုများ ရှိခဲ့ကြောင်း ထပ်မံ ထုတ်ဖော်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုထိပ်သီးအား ဖျက်သိမ်းရန် အမေရိကန်ဒီမိုကရက် အမတ်များက တောင်းဆိုခဲ့ကြသည်။

ထရန့်သည် ဇူလိုင် ၁၆ ရက် အစောပိုင်းတွင် ထိုထိပ်သီးအတွက် ဆိပ်ကမ်းရှေ့ နန်းတော်အား နေရာပေးခဲ့သည့် ဖင်လန်သမ္မတ ဆူလီနီးနစ္စတိုနှင့် ဆွေးနွေးမှုဖြင့် စတင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ရုရှား၏ ဝင်ရောက် စွက်ဖက်မှု စွပ်စွဲချက်များအား ပြည်တွင်း၌ စုံစမ်းစစ်ဆေးမှုကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အေးစက်ခဲ့မှုအတွက် ထရန့်က Twitter တွင် အတိုက်အခံ ဒီမိုကရက်အမတ်များကို ဝေဖန် တိုက်ခိုက်ခဲ့သည်။

အမေရိကန်နှင့် ရုရှားဆက်ဆံရေးသည် နှစ်များစွာ အမေရိကန်၏ ရူးနှမ်းမှုကြောင့် ယခုကဲ့သို့ မည်သည့်အခါမျှ မဆိုးရွားခဲ့စဖူး ဆိုးခဲ့ခြင်းဖြစ်ကြောင်း ထရန့်က ရေးသားဝေဖန်ခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်တွင် ဘရပ်ဆဲ၌ နေတိုးထိပ်သီးတွင် ငြင်းခုံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထရန့်သည် ပူတင်နှင့် ဆက်ဆံရေး နွေးထွေးစေရန် ကြိုးပမ်းခဲ့ပြီး မဟာမိတ်များကို အားလျော့စေခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့ကြသည်။

စကားအား မထီတရီ ပြောတတ်သော အသက် ၇၂ နှစ်ရှိ ထရန့်သည် ထိပ်သီးကျင်းပမည့် ဟယ်ဆင်ကီးမြို့သို့ မရောက်မီ ရုရှားသည် ရန်ဘက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း CBS News သို့ ဝန်ခံပြောကြားခဲ့သည်။ သို့သော ရုရှားအား တရုတ်နှင့် ဥရောပသမဂ္ဂ ကဲ့သို့ပင် စီးပွားရေးနှင့် သံတမန်ရေးရာ ပြိုင်ဘက်များအဖြစ်လည်း ထရန့်က သတ်မှတ်ခဲ့သည်။ ထို့ပြင် ဗြိတိန်တွင် Salisbury မြို့ ၌ လူလေးဦးသည် ဆိုဗီယက်လုပ် အဆိပ် Novichok ဖြင့် အဆိပ်ခတ်ခံခဲ့ရမှုကိစ္စအတွက် ထရန့်သည် ပူတင်အား ဖိအားပေးရန် လန်ဒန်ထံမှ ဖိအားပေးခြင်း ခံနေရသည်။

သဘောထား ကွဲပြားနေကြသော ထိုခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံးထိပ်သီးတွင် အရေးပါသော တိုးတက်မှု ရရှိလိမ့်မည်ဟူသော မျှော်လင့်ချက်များကို ကရင်မလင်က မှိန်ချထားခဲ့သည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အလွန်အမင်း ဆိုးရွားနေကြောင်း၊ ယင်းအခြေအနေအား တည့်မတ်စေရန် ပြန်လည် စတင်ရမည် ဖြစ်ကြောင်း ပူတင်၏ အကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ် ကလည်း ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent