တူရကီတွင် အာဏာသိမ်းမှု၏ ဒုတိယမြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ

တူရကီတွင် အာဏာသိမ်းမှု၏ ဒုတိယမြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ
Published 17 July 2018

ဇူလိုင် ၁၅ ရက်တွင် အစ္စတန်ဘူ၌ ဇူလိုင် ၁၅ အာဇာနည်တံတားတွင် ကျင်းပသော အခမ်းအနား၌ သမ္မတအာဒိုဂန်က စကားပြောနေစဉ်

တူရကီနိုင်ငံတွင် သွေးစွန်းသော အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ခြင်း၏ ဒုတိယမြောက် နှစ်ပတ်လည်နေ့အတွက် အထိမ်းအမှတ်ပွဲများကို ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့သည်။

တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ခဲ့ပြီးနောက်ပိုင်း အစိုးရရုံးများတွင် ဝန်ထမ်းမြောက်မြားစွာ ဆက်တိုက် ဖြုတ်ထုတ် ရှင်းလင်းမှုခံခဲ့ရပြီး သမ္မတ ရီဆပ်တေရစ်အာဒိုဂန်၏ အာဏာပိုမို ကြီးထွားစေရန် အပြောင်းအလဲများလည်း ဖြစ်ပေါ်စေခဲ့သည်။

ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အစ္စတန်ဘူ တံတားအနီးတွင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လူထောင်ပေါင်းများစွာက ဇူလိုင် ၁၅ ရက်ညတွင် စုဝေးခဲ့ကြသည်။ “ကျွန်တော်တို့ နယ်နိမိတ်အတွင်းမှာရော အပြင်မှာပါ ကြိုးပမ်းအားထုတ်မှုတွေကို မလျော့စတမ်း ဆက်လုပ်သွားမှာပါ”ဟု အာဒိုဂန်က လူအုပ်ကြီးကို ပြောကြားခဲ့သည်။ ဘောစ်ဖိုးရပ်စ် ရေလက်ကြားအား ဖြတ်ကျော် တည်ဆောက်ထားသော ထိုတံတား၏ အမည်ကိုလည်း ဇူလိုင် ၁၅ အာဇာနည်တံတားဟု ပြောင်းလဲပေးခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်က အာဒိုဂန်ကို ဖြုတ်ချရန် စစ်တပ်ထဲမှ သင်းကွဲတစ်ဖွဲ့၏ ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း၂၄၈ ဦး အသတ်ခံခဲ့ရပြီး လူ ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။ တစ်ချိန်က အာဒိုဂန်၏ မဟာမိတ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရန်သူဖြစ်သွားသည့် အမေရိကန်အခြေစိုက် မွတ်စလင် ဘာသာရေးခေါင်းဆောင် ဖေတူလာဂူလင်က ယင်းဖြစ်စဉ်ကို ကြိုးကိုင်ခဲ့သည်ဟု တူရကီအစိုးရက အပြစ်တင်ထားသည်။

နိုင်ငံတော် အားလပ်ရက် ဖြစ်လာခဲ့သော ဇူလိုင် ၁၅ ရက်တွင် တူရကီနိုင်ငံ တစ်ဝန်း၌ အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများ၏ အုတ်ဂူများထံသို့ သွားရောက်ခဲ့ကြသည်။

ဇူလိုင် ၁၆ ရက် အစောပိုင်းတွင်မူ အာဒိုဂန်သည် အင်ကာရာရှိဗလီတစ်ခု၌ ဘာသာရေးပွဲ တစ်ခုသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် သမ္မတနန်းတော်၌ ကျန်ရစ်သူ မိသားစုများနှင့် နေ့လယ်စာ စားပွဲကို ဦးစီးပြုလုပ်ခဲ့သည်။ ထိုစားပွဲအတွင်း အာဒိုဂန်သည် ထိုဖြစ်စဉ်ကို အမေ့ခံမည် မဟုတ်၊ မေ့မည်လည်း မဟုတ်ဟု ပြောကြားခဲ့သည်။

ဇူလိုင် ၁၅ ရက် ဖြစ်စဉ်နောက်ပိုင်း လူထောင်ပေါင်းများစွာ တစ်လတိတိ ညစဉ် စုဝေးခဲ့သောကြောင့် နာမည်ပြောင်းလဲခဲ့သည့် ဇူလိုင် ၁၅ ကီဇီလေ အမျိုးသားစိတ်ဓာတ်ရင်ပြင်၌လည်း နှစ်ပတ်လည်နေ့အတွက် လူထုစုဝေးပွဲ တစ်ခုကို အင်ကာရာမြို့ အာဏာပိုင်များက စီစဉ်ပေးခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်ပြီး လူဒါဇင်ပေါင်းများစွာ ထောင်ဒဏ်တစ်သက် ကျခံခဲ့ရပြီး လူရာပေါင်းများစွာ လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ ယခုနှစ် အစောပိုင်းတွင် အစိုးရ၏ ထုတ်ပြန်ချက်အရ ဂူလင်နှင့် ပတ်သက်သည်ဟု သံသယဖြစ်မှုဖြင့် လူပေါင်း ၇၇၀၀၀ ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ဂူလင်နှင့် ဆက်စပ်မှုဖြင့်ပင် စစ်သားများ အပါအဝင် အစိုးရရုံးများမှ ထုတ်ပယ်ခံရ (သို့မဟုတ်) တာဝန်ဆိုင်းငံ့ ခံရသူဦးရေမှာမူ ထောင်ပေါင်းများစွာ ရှိခဲ့သည်။ တူရကီအစိုးရ၏ ထိုသို့ဖြိုခွင်းမှုများကို တူရကီ၏ အနောက်နိုင်ငံ မဟာမိတ်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

ထိုဖြစ်စဉ်အပြီး တူရကီတွင် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်ကတည်းက အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယင်းကြေညာချက်ကို ဇူလိုင် ၁၈ ရက်တွင် ရုပ်သိမ်းပေးမည်ဟု အာဒိုဂန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားထားသည်။

 

Most Read

Most Recent