ဘာလီတွင် မူးယစ်ဆေးဝါးများ ကြားဖြတ်ဟန့်တား ဖမ်းဆီးခဲ့ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောကြား

ဘာလီတွင် မူးယစ်ဆေးဝါးများ ကြားဖြတ်ဟန့်တား ဖမ်းဆီးခဲ့ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောကြား
Published 17 July 2018

ဇူလိုင် ၁၆ ရက်တွင် ဘာလီကျွန်းစုရှိ လေဆိပ်၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီဒီယာသို့ ပြသထားစဉ် (Photo: AFP)

တရားမဝင် မူးယစ်ဆေးများ ထုတ်လုပ်ရန် အဓိက ပါဝင်ပစ္စည်း ပါဝင်သည့် အအေးမိပျောက်ဆေးပြား အများအပြားကို ဘာလီရဲများက ကြားဖြတ်ဟန့်တား ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကြေညာခဲ့သည်။

သြစတြေးလျသို့ ဦးတည်နေသည့် ယင်းဆေးပြား ၆၀၀၀၀၀ ခန့်သည် တောင်ကိုရီးယားမှ ပို့လိုက်ခြင်း ဖြစ်ကြောင်း၊ ဘာလီတွင် တစ်ထောက်နားစဉ် ကြားဖြတ်ဟန့်တား ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း ဘာလီရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းဖမ်းဆီးမှုများကို ဇန်နဝါရီလက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ဇူလိုင် ၁၆ ရက်တွင်မှ ကြေညာခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲများက သတင်းပေးမှုကြောင့် ဆေးပြားများ ဖမ်းဆီးမှုကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။

စုစုပေါင်း ပေါင် ၃၁၀ နီးပါး ရှိသော ဆေးပြားပုလင်းများကို ကျန်းမာရေးဆိုင်ရာ အစားအသောက်များဖြင့် တံဆိပ် ကပ်ထားခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသော ယင်းဆေးများကို ဓာတ်ခွဲစမ်းသပ်မှု ဆောင်ရွက်ခဲ့ရာ စိတ်ကြွဆေးပြားများ ထုတ်လုပ်ရန်အတွက် အဓိကပစ္စည်း တစ်ခုဖြစ်သော ဆူဒိုအက်ဖီဒရင်းနှင့် အခြားတရားမဝင် ဆေးများ ပါဝင်နေကြောင်း အင်ဒိုနီးရှား အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဟီရူးဖန်ဘူဒီက ပြောကြားခဲ့သည်။

ယင်းမူးယစ်ဆေးဝါးများနှင့် ဆက်နွှယ်ပြီး သြစတြေးလျတွင် နေထိုင်ခွင့်ရထားသူ တစ်ဦးကို သြစတြေးလျရဲများက ဖမ်းဆီးထားကြောင်း ဖန်ဘူဒီက ထည့်သွင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် အပြင်းထန်ဆုံး ဥပဒေများရှိသည့်နိုင်ငံ ဖြစ်သည်။

ဘာလီသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် ကြိုးပမ်းသည့် နိုင်ငံခြားသားများကို ဖမ်းဆီးရမိလေ့ရှိပြီး ဖမ်းဆီးရမိသူအချို့ကို သေဒဏ် ချမှတ်ထားသည်။

၂၀၁၈ ခုနှစ် ပထမနှစ်ဝက်မှာပင် ဘာလီ၏ အကောက်ခွန် တာဝန်ရှိသူများသည် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် မူးယစ်ဆေး ၃ ဒသမ ၉ တန်ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

 

Most Read

Most Recent